တောင်ကိုရီးယားနိုင်ငံမှာ စင်ကာပူနိုင်ငံကို လွန်ခဲ့တဲ့လက သွားရောက်ခဲ့တဲ့ အမျိုးသား နှစ်ယောက် အပါအဝင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ယောက် ရှိခဲ့ပါတယ်။ အသစ်ထပ်မံ ကူးစက်ခံရသူတွေထဲက တယောက်ဟာ စင်ကာပူနိုင်ငံမှာ အလုပ်ကိစ္စသွားရင်း ကူးစက်ခံခဲ့ရတာပါ။
ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ကုသရေး ဗဟိုဌာန (KCDC) က ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၅ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ထပ်မံ ကူးစက်ခံရသူ ၃ ဦးကို ထုတ်ပြန်ခဲ့ပါတယ်။
ကူးစက်ခံရသူတွေထဲက အသက် ၃၈ နှစ် အရွယ်အမျိုးသားဟာ ဇန်နဝါရီ ၁၈ ရက်နေ့ကနေ ၂၄ ရက်ထိ စင်ကာပူနိုင်ငံမှာ အစည်းအဝေး သွားတက်ခဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့အတူ အစည်းအဝေးမှာ ထမင်းအတူစားခဲ့တဲ့ မလေးရှားအမျိုးသားကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။
သူဟာ ကိုရီးယားကို ပြန်ရောက်ပြီး ၂ ရက်အကြာမှာ နေမကောင်းဖြစ်တာကြောင့် ဆေးရုံသွားရောက်ပြသခဲ့ပေမယ့် တရုတ်နိုင်ငံက ပြန်လာတာ မဟုတ်လို့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူအဖြစ် မစစ်ဆေးခဲ့ပါဘူး။ နောက်ထပ် ဆေးရုံ ၂ ခုကို ထပ်မံ သွားရောက် ပြခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။
ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ အစည်းဝေး အတူတူ တက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံသားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖုန်းဆက် အကြောင်းကြားခဲ့တာကြောင့် ကျန်းမာရေးဌာနကို လှမ်းအသိပေးခဲ့ပါတယ်။ သူ့ကို ရောဂါ ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ အခုလို ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ကြတာပါ။
တောင်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန် ဖေဖော်ဝါရီ ၅ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉ ယောက်ထိရှိနေပြီလို့ ဆိုပါတယ်။ ထပ်မံ ကူးစက်ခံရသူတွေထဲက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဟာ ၁၆ ယောက်မြောက် ကူးစက်ခံနေရဆဲ ရောဂါသည်ရဲ့ သမီးလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာ ကူးစက်ခံထားရသူ အချို့ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ဖူးသူတွေ မဟုတ်ဘဲ ကိုယ့်နိုင်ငံအတွင်းမှာပဲ အချင်းချင်း ပြန်လည် ကူးစက်ခံနေရသူတွေ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရို နာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၈၈၇ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၂၄,၃၂၄ ယောက်ဖြစ်သွားပြီလို့ ဖော်ပြထားပါတယ်။
Ref: CNA
You may also like these stories:
ဂျပန်ဆိပ်ကမ်းက အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ခန့်ရှိနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄၉၀ အထိ ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ဟာ မစင်မှတဆင့် ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား