ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစက်တတ်တဲ့ ရောဂါတခုပါ။ ဒါကြောင့်လည်း ခရီးသွားတဲ့ အချိန်မျိုးတွေမှာ ရောဂါကူးစက် မခံရအောင် အထူးဂရုပြုသင့်ပါတယ်။
တောင်ကိုရီးယား၊ ဆိုးလ်ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသမီးတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ မကြာသေခင်းအချိန်ကမှ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ခဲ့သူ တယောက်ပါ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုအချိန်မှာ နိုင်ငံတော်တော်များများကို ကူးစက်နေခဲ့ပါပြီ။ ဒီကနေ့အချိန်ထိဆိုရင်တော့ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၅၆၃ ယောက် ရှိနေပြီး ရောဂါကူးစက်ခံနေရသူပေါင်း ၂၈,၀၀၀ ကျော်သွားပြီလို့ တရုတ်အစိုးရ တရားဝင်ပြောကြားထားပါတယ်။ သေဆုံးမှု ပမာဏကို ကြည့်ရင် တရက်ထက် တရက် ပိုပိုပြီးတိုးလာနေတာကိုလည်း တွေ့ရပါတယ်။
တောင်ကိုရီးယားအစိုးရရဲ့ ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူစုစုပေါင်း အနည်းဆုံး ၁၆ ယောက် ရှိသွားပြီလို့ သိရပါတယ်။ ဆိုးလ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ဇန်နဝါရီ ၁၉ ရက်နေ့က ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ပြီး ပြန်လာတဲ့ အသက် ၄၂ နှစ်အရွယ် တောင်ကိုရီးယား အမျိုးသမီးတဦး ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီးဟာ တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက်ပြီး ၆ ရက်အကြာမှာ ရောဂါလက္ခဏာတွေ စတင်ပြသလာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့်လည်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ဒါရိုက်တာဖြစ်သူ Jeong Eun-kyeong က ရောဂါကူးစက်မှုကို အသေးစိတ် သုတေသနပြု လုပ်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူကနေ လူကို ကူးစက်တာမျိုး အနည်းဆုံး ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ တောင်ကိုရီးယားအစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၁၄ အတွင်း တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ကို သွားရောက် လည်ပတ်ခဲ့ကြသူတွေကို ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်ထားပါတယ်။ ရောဂါကူးစက်မှုကိုထိန်းချုပ်ဖို့က ပြည်ဝင်ခွင့် ယာယီပိတ်ထားတာပါ။
အမေရိကန် ပြည်ထောင်စုမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ စုစုပေါင်း ၁၂ ဦး ရှိသွားပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ လူသေဆုံးမှု ပမာဏကို ကြည့်ရင်လည်း တရက်ထက် တရက် ပိုပိုများပြားလာ နေပါတယ်။ တချို့တွေကလည်း ရောဂါပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားတာမျိုး ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်ချိန်မှ ထိန်းချုပ်နိုင်မလဲ ဆိုတာတော့ မသိသေးပါဘူး။ တရုတ်အစိုးရကတော့ ရောဂါထိန်းချုပ်ဖို့ အကောင်းဆုံး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
Ref: The Phuket News, The New York Times
You may also like these stories:
ဝူဟန်တုတ်ကွေး ဖျားရာက ပြန်ကောင်းလာသူများလည်း တိုးလာနေ
အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် စမတ်ဖုန်း တင်ပို့မှု ၃၀ ရာခိုင်နှုန်း ကျဆင်းမည်
တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မြန်မာ ယာယီရပ်ဆိုင်း