ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် သတိပေးခဲ့တဲ့ တရုတ်ဆရာဝန်ဟာ ဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Li Wenliang လို့ အမည်ရတဲ့ အဲဒီဆရာဝန်ဟာ ဝူဟန်ဗဟိုဆေးရုံမှာ လုပ်ကိုင်နေရင်း ရောဂါ ကူးစက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူဟာ အဲဒီဆေးရုံမှာ မျက်စိဆရာဝန်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဗိုင်းရပ်စ်အသစ်အကြောင်း လုပ်ဖော်ကိုင်ဖက် ဆရာဝန်များကို လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတိပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က Li Wenliang ကို မှားယွင်းတဲ့ သတင်းတွေ မဖြန့်ဖို့ တားဆီးခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေတာကြာပြီ ဖြစ်ပေမယ့် People’s Daily သတင်းစာက ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၂ နာရီ မိနစ် ၅၀ မှာ ကွယ်လွန်ခဲ့တာလို့ အတည်ပြုထားပါတယ်။
ဒေါက်တာ Li ဟာ ဇန်နဝါရီလအစောပိုင်းမှာ ဖျားနာမှုကြောင့် ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ အဆုတ်ရောင် ရောဂါအသစ်ကို ကူးစက်ခံနေရကြောင်း အတည်ပြုခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီဆရာဝန်ဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့ဖူးတဲ့ SARS ဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ ဗိုင်းရပ်စ်တမျိုး ကူးစက်ခံနေရတဲ့လူ ၇ ဦးခန့်ကို သတိပြုမိခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ကနဦး သတိပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သူဟာ လူမှုကွန်ရက်စာမျက်နှာက Groupchat တခုမှာ ဗိုင်းရပ်စ်အသစ်အကြောင်း သတိပေးခဲ့ပြီး ရောဂါကူးစက်ခြင်း မခံရအောင် အကာအကွယ်တွေ ဝတ်ဆင်ကြဖို့ သတိပေးခဲ့ပါတယ်။ ဒီလို သတိပေးပြီး ၄ ရက်အကြာမှာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက သူ့ကို ဆင့်ခေါ်ခဲ့ပြီး သတင်းအမှားတွေ မဖြန့်ချိဖို့နဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့တဲ့အတွက် ခံဝန်လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒေါက်တာ Li ဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူဟာ ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ချောင်းဆိုးကြောင်း၊ နောက်တရက်မှာ ကိုယ်အပူချိန်တက်ပြီး ဖျားနာမှုကြောင့် ဆေးရုံတက်ခဲ့ရကြောင်း ရေးသားခဲ့ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံထားရကြောင်းကို တွေ့ရှိခဲ့ပါတယ်။
သူ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ရှိပေမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ မှာ သေဆုံးခဲ့တာ မှန်ကန်ကြောင်း တရုတ်သတင်းဌာနတွေက အတည်ပြုခဲ့ပြီး သူ့ရဲ့ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းသတင်းကို ရေးသားခဲ့ပါတယ်။
Ref. BBC
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းမိုင်ကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက် ကျဆင်း