Simon Weckert လို့ အမည်ရတဲ့ အနုပညာရှင်တဦးဟာ ဖုန်း အဟောင်း ၉၉ လုံးကို အသုံးပြုပြီး ကားပိတ်ဆို့မှု အတုတခုကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ သူဟာ လှည်းတခုပေါ်မှာ ဖုန်းများကို တင်ပြီး ဘာလင်မြို့ရဲ့ လမ်းများပေါ်မှာ လျှောက်သွားခဲ့တာ ဖြစ်ပါတယ်။
သူသွားတဲ့ လမ်းတလျှောက်မှာ Google Map ပေါ်မှာ အနီရောင် ကားလမ်းပိတ်ဆို့မှု လမ်းကြောင်း ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖုန်း ၉၉ လုံးကို ဝယ်ယူပြီး ဆင်းကတ် ၉၉ ကတ်ကို ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ကားရှင်းတဲ့အချိန်ကို စောင့်ပြီး ဖုန်းများ ထည့်ထားတဲ့ လှည်းကို ဆွဲပြီး လမ်းလျှောက်သွားခဲ့တာဖြစ်ပေမယ့် Map မှာတော့ ကား ၉၉ စီးကြောင့် လမ်းပိတ်နေသယောင် ဖြစ်သွားခဲ့တာပါ။
Google Map ရဲ့ စနစ်အရ ကားများဟာ Map ဖွင့်ပြီးသွားနေပြီး ကား ၉၉ စီးလမ်းထဲမှာ ရှိသလို ဖြစ်နေတာဖြစ်ပါတယ်။ Simon ရဲ့ လုပ်ရပ်ကြောင့် လူများက အဲဒီလမ်းကို ရှောင်သွားခဲ့ကြပြီး အခြားလမ်းတွေမှာ အမှန်တကယ် ကားပိတ်သွားတာကြောင့် ယာဉ်ထိန်းရဲများ အလုပ်ရှုပ်ခဲ့ရပါတယ်။
“လူတွေ တီထွင်ထားတဲ့ နည်းပညာဟာ လူတွေရဲ့ ဘဝကို ဘယ်လောက်အထိ ထိန်းချုပ်နေပြီဆိုတာ ပြချင်တာပါ။ ကျနော်တို့ရဲ့ နေ့စဉ်ဘဝမှာ နည်းပညာကို မှီခိုပြီး မှားယွင်းမှုတွေ အများကြီးကို ပြုလုပ်နေရကြတယ်ဆိုတာ သက်သေပြချင်လို့ အခုလို လုပ်ဖြစ်တာပါ”လို့ Simon က ပြောပါတယ်။
Google ကုမ္ပဏီအနေနဲ့လည်း Simon ရဲ့ လုပ်ဆောင်ချက်က အထင်ကြီးစရာဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ လမ်းအသုံးပြုမှုစနစ်ကို ထပ်မံပြုလုပ်သွားမယ်လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
Ref. ABC, BoredPanda
You may also like these stories:
ဝူဟန်ဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ တရုတ်ဆရာဝန် ကွယ်လွန်
ဟိုတယ်တလုံး ဝယ်ယူပြီး အိမ်ရာမဲ့တွေအတွက် နေထိုင်စရာ ထောက်ပံ့ခဲ့တဲ့ Denver NGO
ထိုင်းနိုင်ငံကို သွားလည်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသမီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ