Trend

ဝိုင်ထုတ်လုပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကနေ လည်သာ ပြန်လည် ထုတ်လုပ်မယ့် H&M

ဖက်ရှင်စိတ်ဝင်စားသူတွေ အပေါ်မှာလည်း လွှမ်းမိုးနိုင်သလို လူကြိုက်အများဆုံး အဝတ်အစား Brand တွေထဲက တခုလည်းဖြစ်တဲ့ ဆွီဒင်အခြေစိုက် H&M အဝတ်အစား ကုမ္ပဏီဟာဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့လည်း ကိုက်ညီ၊ စွမ်းအင်အရင်းအမြစ်တွေကိုလည်း ခြွေတာတဲ့အနေနဲ့ ဝိုင်ထုတ်လုပ်တဲ့အခါ စွန့်ပစ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် အသုံးချပြီး လည်သာ(Leather) အဝတ်အထည်တွေကို ဖန်တီးထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

ဝိုင်ထုတ်လုပ်တဲ့အခါ စပျစ်သီးတွေကနေ ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး လည်သာ အဝတ်အထည်တွေအပြင် လည်သာဖိနပ်နဲ့ အိတ်တွေကိုပါ နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချတော့မှာလည်း ဖြစ်ပါတယ်။

အီတလီအခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝပတ်ဝန်းဆိုင်ရာ နည်းပညာကုမ္ပဏီ Vegea နဲ့ ပူးပေါင်းကာ ဒီ Vegan Leather ကို ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး ဝိုင်ကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေအပြင် ကော်ဖီထုတ်လုပ်တဲ့အခါ ထွက်ရှိတဲ့ ကုန်ကြမ်းတွေကိုပါ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီထုတ်ကုန်အသစ် ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး H&M က တာဝန်ရှိမန်နေဂျာတဦးဖြစ်သူ Pascal Brun က “ ကျနော်တို့အနေနဲ့  ကျနော်တို့ထုတ်လုပ်တဲ့ ပစ္စည်းတွေကနေ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် စွမ်းအင် အရင်းအမြစ်တွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ပိုပိုပြီး ထိန်းသိမ်းလုပ်ဆောင်သွားမှာပါ”

“Customer တွေကလည်း ဒီလိုမျိုး အတတ်နိုင်ဆုံး အလေအလွင့်နည်းအောင် ပြုလုပ်ဖန်တီးထားတဲ့ ထုတ်ကုန်အသစ်တွေကို လက်ခံကြတဲ့အတွက်လည်း ကျနော်တို့အနေနဲ့ အများကြီး ဝမ်းမြောက်ရပါတယ်” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ နာမည်ကျော် အဝတ်အစား ကုမ္ပဏီတွေနဲ့ ဖိနပ်ကုမ္ပဏီတော်တော်များများဟာ စွန့်ပစ်စပစ္စည်းတွေကို ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုလာနေကြပြီး သိပ်မကြာသေးခင်ကဆိုရင်လည်း H&M ဟာ အဝတ်အစားကို ရောင်းချတဲ့စနစ်ကနေ ငှားရမ်းပေးတဲ့ စနစ်ကိုပါ စီစဉ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

Ref. www.greenqueen.com

You may also like these stories:

ဖက်ရှင်ချစ်သူတွေအတွက် အသုံးတည့်စေမယ့် မိုဘိုင်း Application ထွက်ရှိ

Loading