Trend

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို စင်ကာပူနိုင်ငံမှာ လိမ္မော်ရောင်အဆင့် သတ်မှတ်ထား

စင်ကာပူနိုင်ငံတွင်းမှာ တရုတ်ပြည်ကို သွားရောက်ခြင်း မရှိခဲ့သူ အချင်းချင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဗိုင်းရပ်စ် ပျံ့နှံ့မှုအခြေအနေကို အဝါရောင်အဆင့်ကနေ လိမ္မော်ရောင်အဆင့် တိုးမြင့်သတ်မှတ်လိုက်တယ်လို့ ဖေဖော်ဝါရီ ၇ ရက်က ကြေညာခဲ့ပါတယ်။

အဆိုပါ ကြေညာချက်ကြောင့် ကျောင်းတွေရဲ့ ကျောင်းတွင်းကျောင်းပြင်ပ လှုပ်ရှားမှုတွေအဖြစ် အမျိုးသား ကျောင်းသားအားကစားပွဲတော်၊ Camps အစရှိတာတွေကိုပါ မတ်လအကုန် ပိတ်ရက်တွေထိ ပိတ်ပင်လိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

“စင်ကာပူက လူတွေ စိုးရိမ်နေကြတာကိုလည်း နားလည်ပါတယ်။ ကျနော်တို့ အခုထိ ဗိုင်းရပ်စ်ရဲ့ ရောဂါ အတိမ်အနက်ကို သေချာ မသိသေးပါဘူး။ နေ့စဉ် အချက်အလက်တွေကို တပြေးညီ ထုတ်ပြန်သွားမှာပါ။ ခုလို အခြေအနေကနေ ပြန်လည် ရုံးထွက်နိုင်ဖို့ လအတော်ကြာ အချိန်ယူရဦးမှာပါ။ ဒါကြောင့် လိုအပ်တဲ့ ကာကွယ်မှုတွေကို လုပ်ဆောင်နေပါတယ်” လို့ စင်ကာပူကျန်းမာရေးဝန်ကြီး Gan Kim Yong က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။


“ကျနော်တို့ဘက်က စင်ကာပူနိုင်ငံကို လုံခြုံမှုရှိအောင် အစွမ်းကုန် ကာကွယ်သွားမှာပါ” လို့ ကျန်းမာရေး ဝန်ကြီး Gan Kim Yong က ဆိုပါတယ်။

စင်ကာပူနိုင်ငံဟာ လူကို အန္တရာယ်ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို အရောင်ပေါ်အခြေခံပြီး စိုးရိမ်မှုအခြေအနေကို သတ်မှတ်ကြပါတယ်။ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်ကနေ အနီရောင် အမြင့်ဆုံးအထိ လက်ရှိ အခြေအနေတွေကို သတ်မှတ်ကြတာပါ။

လက်ရှိအချိန်မှာတော့ လိမ္မော်ရောင်အဆင့်ဆိုတာ ဗိုင်းရပ်စ်ပိုးက လူအချင်းချင်း အလွယ်တကူ ကူးစက်နေတဲ့ အနေအထားဖြစ်ပေမယ့် အလျင်အမြန် ပျံ့နှံ့နေတာမျိုး မရှိသေးတာကို ဖော်ပြပါတယ်။

“လိမ္မော်ရောင်အဆင့် ပြောင်းလိုက်တာမျိုးက ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ H1N1 တုပ်ကွေးရောဂါတုန်းကလည်း ကမ္ဘာ့အနှံ့က နိုင်ငံတော်တော်များများ ကူးစက်ခံခဲ့ရတုန်းကလဲ အခုလိုမျိုး ပြောင်းလဲ သတ်မှတ်ခဲ့ဖူးပါတယ်” လို့ MOH က ဒါရိုက်တာ Kenneth Mak က ဆိုပါတယ်။


လက်ရှိအချိန်ထိ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၅ ယောက် ရှိနေပါပြီ။ ကျင်းပမယ့် ပွဲတော်ကြီးတွေရှိခဲ့ရင်လည်း စီစဉ်သူတွေအနေနဲ့ ရောဂါမ ကူးစက်ခံရအောင် ကြိုတင်ပြင်ဆင်ထားသင့်ပြီး ကိုယ်အပူချိန် စောင့်ကြည့်ရေးစက်တွေနဲ့ ပုံမှန်အပူချိန်ထက် မြင့်နေသူတွေ၊ နှာစေး၊ ချောင်းဆိုး ဖြစ်သူတွေကို ပွဲအတွင်း ပေးမဝင်သင့်သလို၊ မကြာခင်က တရုတ်နိုင်ငံက ပြန်လာတဲ့မှတ်တမ်းရှိသူတွေကိုလည်း တားမြစ်သင့်တယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံဟာ တရုတ်နိုင်ငံကို မကြာခင်က သွားခဲ့ဖူးသူ မည်သူမဆို နိုင်ငံတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သလို စင်ကာပူကတဆင့် သွားရောက်မယ့်သူတွေကိုလည်း တားမြစ်ထားပါတယ်။

Ref: CNA 

You may also like these stories:
Loading