ဖင်လန်နိုင်ငံ အစိုးရသစ်ရဲ့ ထုတ်ပြန်ချက်အရ ဇနီးဖြစ်သူ မီးဖွားပါက ကလေးကို အချိန်ပိုပေးနိုင်ရန် ခင်ပွန်းကိုပါ လစာပြည့် မီးဖွားခွင့်ရက် အပြည့်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခွင့်ဟာ ၂ယောက်ပေါင်းကို ၁၄ လ ရရှိမှာ ဖြစ်ပြီး ဇနီးရော ခင်ပွန်းဖြစ်သူပါ လစာပြည့်ခွင့် ၁၆၄ ရက် ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ မီးဖွားခွင့် ရက်ပေါင်း ၂၄၀ ပေးထားတဲ့ ဥရောပနိုင်ငံ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံကတော့ အခုလို မီးဖွားခွင့်ပေးရတာဟာ လူ့အခွင့်အရေးကို တန်းတူညီမျှရစေချင်လို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဖြစ်တဲ့ Aino-Kaisa Pekonen က “ဒါဟာ မိသားစုဆက်ဆံရေးတွေကို ပြောင်းလဲမယ့် တော်လှန်ရေး အစီအစဉ်တခုပါပဲ။ သားသမီးတွေကို မွေးကင်းစကတည်းက ဖခင်နဲ့လည်း ရင်းနှီးစေလိုတဲ့ ဆန္ဒကြောင့် ဖြစ်ပါတယ်”လို့ သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။
ယခင်က ဖင်လန်နိုင်ငံမှာ မီးဖွားခွင့်အတွက် ၄ လခန့် ပေးတာဖြစ်ပြီး ဖခင်ကတော့ ၂ လခန့်ပဲ ရရှိတာဖြစ်ပါတယ်။ ပြောင်းလဲသွားတဲ့ စနစ်အရ ဇနီးမောင်နှံ နှစ်ဦးလုံးကို ခွင့် ၁၆၄ ရက် အသီးသီးပေးမှာ ဖြစ်ပြီး ခွင့်ဝေစုကို ၆၉ ရက်တိတိ လဲလှယ်ခွင့်ရှိတယ်လို့ သိရပါတယ်။ ကလေးများကို တယောက်တည်း အုပ်ထိန်းမယ့် ဖခင် သို့မဟုတ် မိခင်တွေကတော့ မိခင်နေရာရော၊ ဖခင်နေရာအတွက်ပါ ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဖခင်တွေဟာ ကလေးငယ်တွေနဲ့ အချိန်ကုန်ဆုံးမှု နည်းနေကြောင်းနဲ့ ဒီလို နည်းနေတာဟာ အမျိုးသားတွေအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးကို ချိုးဖောက်ခံနေရတာ ဖြစ်ကြောင်း ဖင်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Sanna Marin က ပြောပါတယ်။
ဥရောပနိုင်ငံ တော်တော်များများမှာလည်း မီးဖွားခွင့်နဲ့ ပတ်သတ်ပြီး ဇနီးကိုရော ခင်ပွန်းဖြစ်သူကိုပါ ခွင့်ရက်ရှည်များ ပေးနိုင်ဖို့ စီစဉ်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
Ref. BBC
You may also like these stories:
အသက် ၃၄ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်
တိရစ္ဆာန်တွေရဲ့ မစင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လိုက်တဲ့ ဖင်လန်နိုင်ငံ
Wildlife Tourism လုပ်ငန်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဖင်လန်နိုင်ငံ