သြစတြေးလျနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဆစ်ဒနီမှာ နှစ် ၃၀ အတွင်း အကြီးမားဆုံးမိုးရွာသွန်းမှုနဲ့ ကြုံတွေ့နေရတာ ၄ ရက်ခန့်ရှိပြီဖြစ်တာကြောင့် ရေကြီးခြင်း၊ ခရီးသွားလုပ်ငန်းများ နှောင့်နှေးခြင်းနဲ့ လူ ထောင်ကျော် နေအိမ်မှ ဘေးကင်းရာကို ထွက်ခွာရခြင်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
နေအိမ်ပေါင်းများစွာမှာ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ ဒါပေမဲ့ မိုးကြောင့် နယူးဆောသ်ဝေးပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ သစ်တောနေရာတွေကို မီးငြှိမ်းသတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ သြစတြေးလျတောမီး လောင်ကျွမ်းနေမှုဟာ ရက်ပေါင်း ၇၀ ကျော်ပြီဖြစ်ပြီး သစ်တောဧကများစွာနဲ့ နေအိမ်များစွာ ဆုံးရှုံးရပြီး ဖြစ်ပါတယ်။
မိုးကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ပြီး ရေစီးသန်တာကြောင့် အပျက်အစီးတွေကို ရေက သယ်ဆောင် သွားနိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ နယူးဆောသ်ဝေးပြည်နယ်မှာ လက်ရှိအချိန်အတွင်း မီးလောင်ကျွမ်းနေတဲ့ နေရာ ၃၁နေရာရှိပြီး အန္တရာယ်သိပ်မရှိတော့ဘူးလို့ သိရပါတယ်။
မိုးရွာသွန်းမှုကြောင့် ဆစ်ဒနီမြို့ကို အဓိကရေပေးဝေနေတဲ့ ဆည်မှာ ရေပြည့်လာနိုင်ချေရှိပြီး ရေရှားပါးမှုအတွက် ကောင်းကျိုးရနိုင်ချေရှိတယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။
သြစတြေးလျနိုင်ငံရဲ့ လူသိအများဆုံးပြည်နယ်ဖြစ်တဲ့ နယူးဆောသ်ဝေးပြည်နယ်မှာ ရာသီဥတုနဲ့ ပတ်သက်တဲ့ အရေးပေါ် ထုတ်ပြန်ချက်တွေ အများအပြားကို ထုတ်ပြန်ထားရပြီး မိုးကြောင့် ဆစ်ဒနီတမြို့တည်းမှာပဲ လူ ၂၀၀ ကျော်ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ခြင်းတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
“နေရာတိုင်းက အထိနာတာချည်းပဲ။ ဘယ်နေရာမှာ အဆိုးဝါးဆုံးလဲ ဆိုတာကို ထောက်ပြဖို့တောင် ခက်ခဲတယ်”လို့ ပြည်နယ်အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မိုးရွာသွန်းပြီး ပြင်းထန်တဲ့ လေတိုက်ခတ်မှု ကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ယနေ့ မနက်ခင်းမှာ အမျိုးသားတဦးဟာ ကားနဲ့ အတူ မျောသွားတာကြောင့် ရှာဖွေမှုတွေလည်း ပြုလုပ်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် အစိုးရဌာနတွေကို ပိတ်ထားတာတွေလည်း ရှိနေပြီး ဒါဇင်နဲ့ချီတဲ့ ကျောင်းများကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
Ref. BBC