အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါကမ်းခြေမှာ မျိုးတုန်းတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ လင်းပိုင်ငယ်လေး ၂ ကောင်ကို သေနတ်နဲ့ပစ်သွားပြီး ဓားနဲ့ထိုးခဲ့သူတွေကို တာဝန်ရှိသူတွေက ရှာဖွေနေပါပြီ။ အမျိုးသားအဏ္ဏဝါ ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ကြီး (NOAA) က အခုလို ရက်ရက်စက်စက် သတ်ဖြတ်သွားသူတွေကို အများပြည်သူတွေကပါ ကူညီရှာဖွေပေးဖို့နဲ့ မျက်မြင်သက်သေရှိခဲ့ရင် အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။
၂၀၀၂ ခုနှစ်ကစလို့ အမေရိကန်နိုင်ငံရဲ့ အရှေ့တောင် ကမ်းခြေတလျှောက်မှာ သောင်တင်ပြီး သေဆုံးနေတဲ့ လင်းပိုင်ကောင်ရေ အနည်းဆုံး ၂၉ ကောင် ရှိခဲ့တယ်လို့ NOAA က ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၁၉ တနှစ်တည်းမှာတင် လင်းပိုင် ၄ ကောင် သေဆုံးခဲ့ရပါတယ်။
သေဆုံးနေတဲ့ လင်းပိုင်တွေပေါ်က ဒဏ်ရာတွေအရ သူတို့ဟာ သေနတ်တွေ၊ မြှားလိုချွန်ထက်တဲ့ ငါးဖမ်းသုံး ကိရိယာတွေနဲ့ သတ်ဖြတ်ခံခဲ့ရတာပါ။ ပထမဆုံး သေဆုံးခဲ့တဲ့ လင်းပိုင်ကိုတော့ ဖလော်ရီဒါ ပင်လယ်သတ္တဝါနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ဇီဝဗေဒပညာရှင်တွေက ယခင်ပတ်က တွေ့ရှိခဲ့တာပါ။ လင်းပိုင်ဟာ သေနတ်ကျည်ဆံ ဒါမှမဟုတ် ချွန်ထက်တဲ့လက်နက်တခုကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အပတ်ထဲမှာပဲ နောက်ထပ် လင်းပိုင်းငယ်တကောင်ကို Emerald Coast တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့ကြီးမှ သုတေသီတွေက တွေ့ရှိခဲ့တာဖြစ်ပြီး Pensacola Beach မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာပါ။
၂၀၁၉ ခုနှစ်၊ မေလတုန်းကလည်း NOAA မှ တာဝန်ရှိသူတွေဟာ ဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးနေတဲ့ လင်းပိုင် တကောင်ကို Captiva Island ပေါ်မှာ တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် အခုလို တပတ်အတွင်း လင်းပိုင် နှစ်ကောင် ဒဏ်ရာအပြင်းအထန်နဲ့ သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို သတင်းပေးနိုင်တဲ့ မည်သူမဆို ဆုငွေ အမေရိကန် ဒေါ်လာ ၂ သောင်း ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
လူတွေဟာ ပင်လယ်ထဲမှာနေတဲ့ လင်းပိုင်တွေကို လှေတွေနဲ့သွားပြီး အစားအစာ ကျွေးမွေးတာကလည်း သူတို့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတာကြောင့် မယှဉ်ပါးတဲ့ ပင်လယ်နေ လင်းပိုင်တွေကို အစားအစာသွားရောက် မကျွေးကြဖို့ NOAA အဖွဲ့ကြီးက အကြံပြုထားပါတယ်။
Ref: edition.cnn
You may also like these stories:
ရှားပါး ဧရာဝတီ လင်းပိုင် ၁ ကောင် သေဆုံးပြန်
ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ