William White လို့ အမည်ရတဲ့ အသက် ၁၀၄ နှစ်အရွယ် ဒုတိယကမ္ဘာစစ်ပြန် တဦးဟာ ချစ်သူများနေ့မှာ ပို့စ်ကတ်တွေ လက်ဆောင်ပို့ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ တကမ္ဘာလုံးက လူတွေက သူ့ကို ပို့စ်ကတ်တွေ ပို့ပေးခဲ့ပြီး ပို့စ်ကတ်ပေါင်း ၇ သောင်းကျော် ရရှိခဲ့တာဖြစ်ပါတယ်။
ဒီလို ပို့စ်ကတ်တွေ ပို့ပေးရမယ့် အစီအစဉ်ကို “Operation Valentine” လို့ ခေါ်တဲ့ ကမ်ပိန်းအနေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အထီးကျန်နေသူ လူကြီးတွေ အတွက် ပို့စ်ကတ်တောင်းနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အစီအစဉ်မှာ ရလိုတဲ့ ပို့စ်ကတ် အရေအတွက်ကတော့ ၁၀၀ ခန့်သာ ဖြစ်ပေမယ့် အခုလို အများကြီးရရှိခဲ့တဲ့ အတွက် အရမ်းကို ဝမ်းသာရတယ်လို့ William White က ပြောပါတယ်။
မြေးဖြစ်သူရဲ့ ကျောင်းခန်းထဲက သူငယ်ချင်းတွေကလည်း သူတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ ပို့စ်ကတ်တွေကို William White ကို ပေးခဲ့တယ်လို့ သိရပါတယ်။ ချစ်သူများနေ့ မတိုင်ခင် တပတ်လောက်အလိုမှာ အဘိုးအို William White ရဲ့ အိမ်ကို ပို့စ်ကတ်ပေါင်း ၇သောင်းခန့် ရောက်ရှိခဲ့ပြီး နိုင်ငံတကာက ပို့ပေးတာဖြစ်တယ်လို့ သိရပါတယ်။
ပို့စ်ကတ်တွေ များလွန်းတာကြောင့် ဖွင့်ပြီး ဖတ်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်းများရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ ပို့စ်ကတ်များကို ပို့ပေးကြတာဟာ အသက် ၁၀၄ နှစ်အရွယ် အဘိုးအိုတယောက်ကို ပို့ပေးတာမျိုးထက် ၃၅ နှစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ William White ကို လေးစားသမှုနဲ့ ပို့ပေးကြတာဖြစ်ပြီး သေဆုံးသွားပြီဖြစ်တဲ့ စစ်မှုထမ်းဟောင်းတွေ အစား ချစ်မြတ်နိုးမှုကို ပြတာဖြစ်တယ်လို့ သိရပါတယ်။
ပို့စ်ကတ်ပို့ပေးသူတွေထဲက Jane လို့ ခေါ်တဲ့ အမျိုးသမီးတယောက်ရေးသားထားတဲ့ စာထဲမှာ ” ကျမအဖိုးကလည်း ဒုတိယကမ္ဘာစစ်မှာ ကျဆုံးခဲ့တဲ့ စစ်သားတယောက်လေ။ ကျမ သူ့ကို သိပ်လွမ်းတယ်။ အခုရှင့်ကို ဒီပို့စ်ကတ်ရေးပေးနေတဲ့ အချိန် ကျမစိတ်ထဲမှာ ကျမအဖိုးအတွက် ရေးပေးနေရတယ်လို့ ခံစားရတယ်”ဆိုပြီး ရေးသားထားခဲ့ပါတယ်။
အခုလို ပို့စ်ကတ်တွေ အများကြီးရတာဟာ William White ရဲ့ ဘဝမှာ ပထမဆုံးဖြစ်တာကြောင့် အရမ်းကို ပျော်ခဲ့ရတယ်လို့ သူကပြောပါတယ်။
Ref. Reuters.com
You may also like these stories:
Spotify မှာ ထိပ်တန်းအချစ်သီချင်းအဖြစ် John Legend ရဲ့ ‘All of Me’ သီချင်း သတ်မှတ်ခံရ
ဒါရိုက်တာ Bong Joon-ho နဲ့အတူ အော်စကာဆုကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့လို့ Honey Lee ဝေဖန်ခံရ
ဂျက်ကီချန်းနဲ့ အာနိုးတို့ကို အတူတူ မြင်တွေ့ရမယ့် ‘The Iron Mask’ ရုပ်ရှင်