၂၀၂၀ ခုနှစ်အတွက် တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ဓာတ်ပုံကတော့ ကြွက် ၂ကောင် ရန်ဖြစ်နေတဲ့ ပုံဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ လန်ဒန်မြို့က မြေအောက်ရထားလမ်းပေါ်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ Sam Rowley လို့ အမည်ရတဲ့ လူငယ်ဓာတ်ပုံဆရာက ရိုက်ကူးထားတဲ့ ပုံဖြစ်ပြီး သူဟာ ဓာတ်ပုံကို ရဖို့ ရက်သတ္တပတ် ၁ ခုကြာ စောင့်ဆိုင်းပြီး ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဘူတာရုံမှာ တကျက်ကျက်” လို့ နာမည်ပေးထားတဲ့ ဒီဓာတ်ပုံကို လန်ဒန် သဘာဝသမိုင်းပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ တောရိုင်းတိရစ္ဆာန် ဓာတ်ပုံပြိုင်ပွဲအတွက် ပြိုင်ခဲ့တဲ့ ဓာတ်ပုံပေါင်း ၄၈၀၀၀ ကျော်ထဲက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံအတွင်းမှာပါတဲ့ ကြွက် ၂ကောင်ဟာ ရထားစောင့်ချိန်မှာ လူတယောက်ကျန်ခဲ့တဲ့ စားကြွင်းစားကျန်ကို လုရင်း ရန်ဖြစ်နေတာဖြစ်တယ်လို့ ယူဆထားပါတယ်။
“လူတိုင်းက ရထားလမ်းတွေမှာ ကျင်လည်နေကျ ကြွက်တွေကို မြင်ဖူးမှာပါ။ ဒါပေမဲ့ ကြွက်၂ကောင် ရန်ဖြစ်နေတာကို ဒီလို အလင်းအမှောင်မျိုးနဲ့တော့ တွေ့ဖူးမှာ မဟုတ်ဘူး”လို့ ဓာတ်ပုံဆရာ Sam Rowley က CNN သတင်းဌာနကို ပြောပါတယ်။
ဒီဓာတ်ပုံကို ရဖို့ အတွက် သူဟာ ဝမ်းလျားမှောက် ရိုက်ကူးခဲ့ရတာဖြစ်ပြီး ရက်ပေါင်းများစွာ ဘူတာရုံပေါင်း များစွာမှာ ဝမ်းလျားမှောက်ပြီး ဓာတ်ပုံရဖို့ ကြိုးစားခဲ့လို့ လူအများရဲ့ စောင့်ကြည့်တာကို ခံခဲ့ရတယ်လို့ Sam Rowley က ပြောပါတယ်။ Sam Rowley ဟာ တောရိုင်းတိရစ္ဆာန် ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုနဲ့ လူကြိုက်အများဆုံး ဓာတ်ပုံဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Ref. CNN
You may also like these stories:
ချစ်သူများနေ့မှာ ပို့စ်ကတ်ပေါင်း သောင်းချီ လက်ဆောင်ရခဲ့တဲ့ အသက် ၁၀၄ နှစ်အရွယ် အဘိုး
လင်းပိုင်နှစ်ကောင် အသတ်ခံရမှု သတင်းပေးနိုင်သူကို ဆုငွေဒေါ်လာ ၂ သောင်း ပေးမည်
အသီးအရွက်သုပ်ဘူး ယူပြေးတဲ့ ကြွက်တကောင်ရဲ့ ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီးနေ