Trend

ကမ္ဘာ့အသက်ကြီးဆုံး အဘိုးအိုရဲ့ အသက်ရှည်ရခြင်း လျှို့ဝှက်ချက်

ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသားလို့ သတ်မှတ်ထားတဲ့ အဘိုး Chitetsu Watnanabe ဟာ နောက်လထဲမှာ အသက် ၁၁၃ နှစ် ပြည့်တော့မှာပါ။ မွေးနေ့အကြိုလက်ဆောင်အဖြစ် Guinness ကမ္ဘာ့စံချိန်စာရင်းမှာ အသက်ကြီးဆုံးအမျိုးသားအဖြစ် အတည်ပြုပေးလိုက်ပါပြီ။

လက်ရှိအချိန်မှာတော့ Niigata မြို့က သက်ကြီး စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်နေတဲ့ အဘိုး Watnanabe ဟာ Guinness မှတ်တမ်းအရ အသက် ၁၁၂ နှစ်၊ ၃၄၄ ရက်အဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့ပါတယ်။


မနှစ်က အဘိုး Watnanabe ကို မေးမြန်းခဲ့ကြစဉ်မှာ အသက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်ကတော့ ဒေါသအမျက် မထွက်ဘဲ အမြဲပြုံးနေတာကြောင့်လို့ ပြောပြခဲ့ပါတယ်။ သူဟာ သကြားအညိုလို အချိုစားရတာကို နှစ်သက်ပြီး ခုချိန်မှာတော့ သွားတွေ မရှိတော့လို့ ခရင်မ်ပါတဲ့ Puffs မုန့်တွေစားရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။

အဘိုး Watnanabe ကို ၁၉၀၇ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ မွေးဖွားပြီး မွေးချင်းမောင်နှမ ၈ ယောက်အနက် အကြီးဆုံးသားလည်း ဖြစ်ပါတယ်။ သူဟာ သကြားထုတ်တဲ့ ကုမ္ပဏီတခုမှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနားယူတဲ့အချိန်ထိ ဂျပန်အစိုးရစိုက်ပျိုးရေးဌာနမှာ လုပ်ခဲ့သလို ၁၉၄၄ ခုနှစ်မှာလည်း ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းဆောင်ခဲ့ပါသေးတယ်။


အဘိုး Watnanabe မှာ ကလေး ၅ ယောက်ရှိပြီး အပင်စိုက်ပျိုးခြင်းကို အထူး ဝါသနာပါတာကြောင့် အသက် ၁၀၄ နှစ်အထိ သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးခဲ့တဲ့အပြင် ၂၀၀၇ ခုနှစ်ထိ ဘွန်ဆိုင်းအပင်တွေကို စိုက်ပျိုးကာ ပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ အသက်ကြီးဆုံးအဖြစ် သတ်မှတ်ခံထားရတာ အဘိုး Watnanabe တယောက်တည်းတော့ မဟုတ်ပါဘူး။ နောက်ထပ် တဦးကတော့ အသက်ကြီးဆုံးသူအဖြစ် Guinness ကမ္ဘာ့စံချိန်မှတ်တမ်းတင်ခံထားရပါသေးတယ်။


သူကတော့ ဇန်နဝါရီလအတွင်းက အသက် ၁၁၇ နှစ်ပြည့်သွားတဲ့ အဘွား Kane Tanaka ပါ။ သူမကို ၁၉၀၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သက်ရှိထင်ရှား ရှိသူတွေထဲမှာ အသက်ကြီးဆုံးနဲ့ အမျိုးသမီးတွေထဲမှာလည်း အသက်ကြီးဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Ref: edition.cnn

You may also like these stories:

တေလာဆွစ်ဖ်ရဲ့ ဘဝအကြောင်းကို သိခွင့်ရမယ့် “Miss Americana” မှတ်တမ်းရုပ်ရှင်

မိခင်ဖြစ်ရတာ ခက်ခဲကြောင်း လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ တင်ခဲ့ကြတဲ့ ကမ္ဘာကျော်များ

Loading