မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့ဟာ တော်ဝင်မိသားစုက နုတ်ထွက်ပြီး ကနေဒါနိုင်ငံမှာ စတင်အခြေချတော့မှာ ဖြစ်ကြောင်းကို ကြေညာပြီးနောက် အနီးကပ် ဝန်ထမ်းတွေကို အလုပ်ဖြုတ်လိုက်တယ်လို့ သိရပါတယ်။ ဘာကင်ဟမ်နန်းတော်မှာ ရှိတဲ့ သူတို့ရဲ့ ရုံးခန်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အပြီးပိတ်သိမ်းခဲ့ပြီးနောက် သူတို့ရဲ့ ဝန်ထမ်း ၁၅ ဦးကို ရာထူးက အပြီးရပ်နားစေခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီလမှာ တော်ဝင် မိသားစုက ထွက်ခွာဖို့ စတင်ပြီး ပြင်ဆင်ခဲ့တဲ့ ဟယ်ရီနဲ့ မီဂန်တို့ဟာ သူတို့ရဲ့ အနီးကပ် ဝန်ထမ်း တွေကို အခုအချိန်မှာတော့ တာဝန် ထမ်းဆောင်ခွင့်ကနေ ရပ်စဲလိုက်တာ ဖြစ်ပါတယ်။ တာဝန်က ရပ်စဲခံရတဲ့သူတွေမှာ ဟယ်ရီနဲ့ မီဂန်တို့ မင်္ဂလာဆောင်စဉ် တာဝန်ယူခဲ့သူတွေ ပါဝင်ပြီး သူတို့ နှစ်ဦးရဲ့ နိုင်ငံခြားကမ်ပိန်းတွေမှာ ဆက်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ အရာရှိပြုလုပ်ခဲ့သူတွေလည်း ပါဝင်ပါတယ်။
နန်းတော်အတွင်းမှာပဲ နေထိုင်ပြီး ဟယ်ရီအတွက် အလုပ်လုပ်ပေးခဲ့တဲ့ သက်တမ်းရှည်ဝန်ထမ်းတယောက်ဖြစ်တဲ့ Marnie Gaffney ကတော့ မင်းသား ဟယ်ရီက သူ့ကို ရာထူးမှ ရပ်စဲလိုက်ပေမယ့် နန်းတော်တွင်းက အခြားနေရာတခုမှာ အလုပ်ပေးဖို့ တောင်းဆိုထားတာတွေ ရှိတယ်လို့ အင်္ဂလန်ပြည်တွင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ ပြောကြားချက်အရ မင်းသားဟယ်ရီဟာ တော်ဝင်မိသားစုက နုတ်ထွက်ပြီး နန်းတော်နဲ့ ကင်းကွာနေချိန်တွေမှာ ပိုပြီး ပျော်ရွှင်နေပုံပေါ်တယ်လို့ ဆိုပါတယ်။
မင်းသားဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့ဟာ တော်ဝင်မိသားစုက နုတ်ထွက်ဖို့ ကြေညာခဲ့တာ ၁ လကျော်သွားပြီဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ငွေကြေးဆိုင်ရာကိစ္စတွေမှာ အမှီအခို ကင်းလိုတာကြောင့် အခုလို ထွက်ခွာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကနေဒါနိုင်ငံမှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
Ref. hello, foxbusiness.com
You may also like these stories:
ကိုရိုနာဗိုင်းရပ် စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံမှာလုပ်မယ့် ‘No Time To Die’ အထူးပွဲကို ဖျက်သိမ်း
တောင်ကိုရီးယားကို ပြန်လာတဲ့ ဒါရိုက်တာ Bong Joon-ho သူရဲကောင်းဆန်ဆန် ကြိုဆိုခံရ
“Goblin” ကို ကျော်တက်ပြီး လူကြည့်အများဆုံး စံချိန်တင်ခဲ့တဲ့ “Crash Landing on You”