Trend

သေဆုံးသွားတဲ့ သမီးဖြစ်သူကို နည်းပညာ အကူအညီနဲ့ တွေ့ဆုံခဲ့တဲ့ မိခင်

နည်းပညာတွေ ဖွံ့ဖြိုးလာခြင်းဟာ ကောင်းကျိုးတွေ အများကြီးကို ဖြစ်ပေါ်နိုင်ပါတယ်။ Virtual Reality လို့ ခေါ်တဲ့ လက်တွေ့နဲ့ ပကတိနည်းပါးတူညီတဲ့ နည်းပညာကို အသုံးပြုနိုင်တဲ့ ဂိမ်းတွေနဲ့ ရုပ်ရှင်တွေ ပေါ်ထွက်လာပြီးနောက် အဲဒီနည်းပညာကို ကောင်းမွန်စွာ အသုံးချနိုင်မယ့် အစီအစဉ် ပေါ်ထွက်လာပါတယ်။

ကိုးရီးယားနိုင်ငံရဲ့ ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ Meeting You ဆိုတဲ့ အစီအစဉ်ကို မကြာသေးခင်ကပဲ ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ Jang Ji-sung လို့ ခေါ်တဲ့ အမျိုးသမီးတဦးဟာ ၂၀၁၆ ခုနှစ်က ပြင်းထန်တဲ့ ဖျားနာမှု တခုကြောင့် သေဆုံးသွားခဲ့ရတဲ့ သမီးဖြစ်သူကို နည်းပညာအသုံးပြုပြီး တွေ့ဆုံတဲ့ အကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။

MBC ရုပ်သံကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီအစီအစဉ်ဟာ ဝင်ရောက် ပါဝင်မယ့် မိသားစုတွေထဲက သေဆုံးပြီးသူတွေရဲ့ လှုပ်ရှားပုံ၊ မျက်နှာနဲ့ စကားပြောဟန်တွေကို ပြန်လည် ကြည့်ရှုပြီး 3D ရုပ်ကြွပုံစံ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ၇ နှစ်အရွယ် ကလေးငယ်  Nayeonရဲ့ မျက်နှာပုံစံကို အဓိကထားရေးဆွဲထားပြီး အခန်းတခုအတွင်းမှာ အစိမ်းရောင် ကန့်လန့်ကာကို ကာထားပြီး ကြည့်ရှုသူတွေနဲ့ မျက်မှန် တပ်ဆင်ထားတဲ့ မိခင်ဖြစ်သူက ကလေးငယ်  Nayeon ကို မြင်ရအောင် စီစဉ်ထားပေးတာဖြစ်ပါတယ်။ အစီအစဉ်အတွင်းမှာ မိခင်နဲ့  Nayeon တို့ဟာ စကားပြောခြင်း၊ လက်တွဲပြီးလမ်းလျှောက်ခြင်း၊ ပန်းခူးခြင်းတွေ အပြင် မွေးနေ့ပါ ကျင်းပခဲ့ကြပါတယ်။

မွေးနေ့ဆုတောင်းအနေနဲ့  Nayeon ဟာ အဖေဖြစ်သူကို ဆေးလိပ်ဖြတ်ဖို့၊ အစ်ကိုနဲ့ အစ်မကို ရန်မဖြစ်ကြဖို့၊ ညီမဖြစ်သူကို မဖျားအောင် ဂရုစိုက်ဖို့နဲ့ မိခင်ဖြစ်သူကို အရမ်းမငိုဖို့ စတာတွေ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Nayeon နဲ့ သူ့မိခင်တို့ နည်းပညာအကူအညီနဲ့ တွေ့ဆုံတဲ့ ဗီဒီယိုဟာ ကမ္ဘာတဝှမ်းကို ပျံ့နှံ့ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ကြည့်ရှု့သူ ၁၀ သန်းကျော်ရှိခဲ့တဲ့ ဒီဗီဒီယိုဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူတွေကို ဝမ်းနည်းဝမ်းသာ ဖြစ်စေခဲ့တယ်လို့ မှတ်ချက်တွေ ပေးထားကြပါတယ်။

Ref. boredpanda.com

Loading