Trend

ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကြောင်အလှပြပွဲ ကျင်းပ

ကြောင်သားစားခြင်းကို တားမြစ်ထားတဲ့ နိုင်ငံတနိုင်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာအနှံ့က ကြောင်ချစ်သူများ ပါဝင်တဲ့ ကြောင်အလှပြပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲဟာ ကမ္ဘာ့ကြောင်ချစ်သူများ အဖွဲ့ချုပ်ကနေ ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ပွဲတပွဲလည်းဖြစ်ပြီး ကြောင်အမျိုးအစားပေါင်း ၁၂ မျိုးကျော်လောက် ပါဝင်တဲ့ ပွဲကြီးပါ။

ဗီယက်နမ်နိုင်ငံဟာ ယခင်က ကြောင်ကို အစားအသောက်အနေနဲ့ စားသောက်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ နိုင်ငံ တဝှမ်း ကြောင်သားစားခြင်းကို ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲကြီးလည်းဖြစ်သလို ကမ္ဘာ့အနှံ့က ကြောင်မျိုးကောင်းမျိုးသန့်တွေ ပါဝင်ခဲ့ကြပြီး Angry Alice, Di Maria The Great နဲ့ Timosa Sumo တို့လို နာမည်ကျော် ကြောင်ဆယ်လီတွေလည်း ပါဝင်လာခဲ့ပါတယ်။


“အိမ်မွေး တိရစ္ဆာန်ချစ်သူများအတွက် ပြည်တွင်းမှာပဲ သူတို့လေးတွေကို လေ့ကျင့်သင်ကြားနိုင်မယ့် နေရာတခု ရှိစေချင်တဲ့ ရည်ရွယ်ချက်ပါ။ နောက်ထပ် နိုင်ငံတကာပွဲတွေမှာလည်း ဝင်ပြိုင်နိုင်အောင် အတွေ့အကြုံကောင်းတွေ ရစေချင်ပါတယ်” လို့ ပွဲစီစဉ်သူ Son က ဆိုပါတယ်။


“ကျနော်တို့နိုင်ငံမှာ တားမြစ်ထားပေမယ့်လည်း ကြောင်သားစားနေသူတွေ ရှိနေဆဲပါ။ လမ်းဘေးကြောင်တွေ ဆိုလည်း ဆိုးဆိုးဝါးဝါး ပြုမူခံရပါတယ်။ ဒါတွေကို လူတွေ အာရုံစိုက်မိလာအောင် ဒီပွဲကို စီစဉ်ဖြစ်တာပါ။ ကြောင်တွေက ကံမကောင်းခြင်းတွေ ယူဆောင်လာတယ်လို့ ဗီယက်နမ်လူမျိုးတွေ လက်ခံထားတာမျိုး မရှိပါဘူး။ ဒါကြောင့် သူတို့အပေါ် ကြင်ကြင်နာနာ ဂရုစိုက်ပေးသင့်ပါတယ်”လို့ Son က ဆိုပါတယ်။


ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ထဲက ကြောင် ၇ ကောင်ကတော့ ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပြီး နာမည်ကျော် Timosa Sumo ကတော့ ဆုနဲ့လွဲခဲ့ပေမယ့် လာရောက်အားပေးတဲ့ ပရိသတ်တွေ ပေးတဲ့ဆုတွေ တပွေ့တပိုက် ရရှိခဲ့ပါတယ်။

ပိုင်ရှင် Dinh Chau Hieu Tam က “သူက အားလုံးကို အချစ်တွေ ဝေမျှပေးခဲ့တာပါ။ ကျနော်ရဲ့ အမွှေးပွသား တယောက်လိုပါပဲ။ သူ့အတွက်လည်း ဂုဏ်ယူမိပါတယ်” လို့ ဆိုပါတယ်။


မီခိုးရောင်မှိုင်းမှိုင်းကြီးနဲ့ စကော့တလန် ကြောင်မျိုးနွယ်ဝင်ကြီးကတော့ ပေါ်ပြူလာ အဖြစ်ဆုံးအပြင် ပရိသတ်တွေက သူ့အလှကို မချီးကျူးပဲ မနေနိုင်ဖြစ်ခဲ့ရပါတယ်။

Ref: CNA Lifestyle

You may also like these stories:

သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ ဗီယက်နမ်နိုင်ငံ

ကမ္ဘောဒီးယားကို ပထမဆုံးအကြိမ် ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Loading