ဝူဟန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဘေးကြောင့် လူတွေ အနေနဲ့ ဘေးကင်းရာကို ထွက်ပြေးတာတွေနဲ့ ကျန်းမာရေးအရ စောင့်ကြည့်ရမယ့် အနေအထားတွေ ရှိနေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေကို နေအိမ်တွေမှာ ထားခဲ့ကြတယ်လို့ သိရပါတယ်။
တရုတ်ဒေသခံသတင်းစာတွေမှာလည်း အိမ်မွေးတိရစ္ဆာန်တွေဟာ အစာရေစာ ပြတ်တောက်မှုကို ကြုံတွေ့နိုင်ချေရှိနေတယ်လို့ စေတနာ့ဝန်ထမ်းတွေရဲ့ ပြောကြားချက်ကို ရေးသားထားကြပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက အာဏာပိုင်တွေဟာ ဝူဟန်မြို့ကို ပိတ်လိုက်တာကြောင့် တရုတ်နှစ်ကူးအချိန်မှာ ခရီးသွားလာခဲ့ကြတဲ့ ဝူဟန်မြို့သားတွေ အနေနဲ့ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေဆီကို ပြန်မသွားနိုင်တော့တာ ဖြစ်ပါတယ်။
ဝူဟန်မြို့တော်ဝန်ရဲ့ ပြောကြားချက်အရ မြို့သား ၅သန်းကျော်ဟာ ပွဲတော်မတိုင်ခင် ခရီးတွေ ထွက်ခဲ့ကြတာကြောင့် မြို့တွင်းပြန်ဝင်ခွင့်ကို ပိတ်ထားပြီး မြို့တွင်းက ကျန်တဲ့ မြို့သားတွေ အနေနဲ့လည်း စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေက အိမ်မှာ တိုက်ပိတ်ခံရပြီး ကျန်ရစ်ခဲ့ကြတာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
“Lao Mao” လို့ ခေါ်တဲ့ ဒေသခံ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူကတော့ စိုးရိမ်နေတဲ့ ပိုင်ရှင်တွေရဲ အိမ်မွေးတိရစ္ဆာန်တွေကို အိမ်အတွင်းထိ ဝင်ရောက်ကယ်ဆယ်ပြီး လွှတ်ပေးတာမျိုးတွေရှိတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Lao Mao” ရဲ့ ခန့်မှန်းချက်အရ အိမ်မွေးတိရစ္ဆာန်ပေါင်း ၅ သောင်းကျော်ဟာ အိမ်အတွင်းမှာ ဆက်လက်ပိတ်မိနေပြီး ကယ်တင်နိုင်ခြင်းမရှိပါက ရက်ပိုင်းအတွင်းမှာ သေဆုံးနိုင်ချေရှိတယ်လို့ ဆိုပါတယ်။
ဝူဟန်မြို့နယ် အိမ်မွေးတိရစ္ဆာန်များကာကွယ်ရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Du Fan ကတော့ “ဒီပုံအတိုင်းဆိုရင်တော့ ပိုင်ရှင်တွေ အိမ်ပြန်လာတဲ့ အခါ ပုပ်သိုးနေတဲ့အိမ်မွေးတိရစ္ဆာန်တွေရဲ့ အလောင်းကိုပဲ မြင်ရလိမ့်မယ်”လို့ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။
ဝူဟန်မြို့မှာ အိမ်မွေးတိရစ္ဆာန်ပေါင်း ၆ သိန်းကနေ ၈ သိန်းအထိ ရှိပြီး မိသားစုပေါင်း ၇၀၀ ကျော်က သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကယ်တင်ဖို့ အိမ်မွေးတိရစ္ဆာန်များ ကာကွယ်ရေးအဖွဲ့အစည်းကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။
တိရစ္ဆာန်များလည်း ရောဂါပိုးကို ကူးစက်နိုင်တယ်ဆိုတဲ့ သတင်းမှားတွေ အပြီးမှာ ဝူဟန်မြို့က အိမ်မွေးတိရစ္ဆာန်တွေကို စွန့်ပစ်သူနဲ့ တိုက်များပေါ်က လွှတ်ပစ်သူတွေ ရှိခဲ့ပြီး ထောင်ပေါင်းများစွာသော အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ တိရစ္ဆာန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တယ်ဆိုတဲ့ တိကျတဲ့ သက်သေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
Ref. Businessinsider.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် အမြန်စစ်ဆေး ကိရိယာကို တရုတ်ပညာရှင်များ တီထွင်
ကိုရိုနာဗိုင်းရပ်ကို ကြောက်ရွံ့ပြီး ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူကို လက်နက်ကိုင် လုယက်
ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကြောင်အလှပြပွဲ ကျင်းပ