ထိုင်းအစိုးရအနေနဲ့ နိုင်ငံရဲ့ ခရီးသွားလာရေးအခန်းကဏ္ဍကို မြင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ထိုင်းသင်္ကြန်ပွဲတော်ကာလမှာ အများပြည်သူ အလုပ်ပိတ်ရက်ကို နောက်ထပ် ၂ ရက် ထပ်တိုးပြီး သတ်မှတ်သွားဖို့ စဉ်စားနေကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ ဆွန်ခရန်ပွဲတော်အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို ၉ ရက်အထိ သတ်မှတ်ရန် စဉ်းစားနေတာဖြစ်ပြီး ပွဲတော်အစီအစဉ်နဲ့ ပတ်သက်ပြီး အပြီးသတ်ထုတ်ပြန် ကြေညာမယ့် အချိန်ကာလကိုတော့ ဝန်ကြီးအနေနဲ့ ပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ဆွန်ခရန်ပွဲတော်ကို နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပနေကျဖြစ်ပြီး ဒီနှစ်မှာတော့ ပွဲတော်ပိတ်ရက်ဟာ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ဖြစ်ပါတယ်။ ပွဲတော်ရက် မတိုင်မီ ရှေ့က စနေ၊ တနင်္ဂနွေ ပိတ်ရက်ကိုပါ ထည့်ပြီး တွက်မယ်ဆိုရင် ၅ ရက်ဆက်တိုက် အားလပ်ရက်ကို ရရှိမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပိတ်ရက်အနေနဲ့ ကြာသပတေးနေ့နဲ့ သောကြာနေ့ကိုပါ ထပ်မံသတ်မှတ်ပေးပြီး ဒီနှစ်အတွက် ဆွန်ခရန်ပွဲတော်ကို ဧပြီလ ၁၃ရက်နေ့က ၁၉ရက်နေ့အထိ ၉ ရက်တိတိ ပိတ်ရက်သတ်မှတ်ပေးသင့်ကြောင်းကို လက်ထောက်ဝန်ကြီးချုပ် Somkid Jatusripitak က အကြံပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အားလပ်ရက်ပိုပြီး ရှည်သွားခြင်းကြောင့် ခရီးသွားသူပိုများပြီး ခရီးသွားလုပ်ငန်းကို တိုးမြင့်နိုင်မှာဖြစ်တယ်လို့ လက်ထောက်ဝန်ကြီးချုပ်က အကြံပြုခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် ထိုင်းနိုင်ငံကို ခရီးသွားဝင်ရောက်မှု သိသာစွာ ကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။ ယခင်က ထိုင်းနိုင်ငံကို တရုတ်ခရီးသွား ဝင်ရောက်မှု ၁ လမှာ ၁ သန်းကျော် ရှိပေမယ့် ရောဂါကြောင့် တရုတ်ခရီးသွားဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ သတင်းတွေမှာ ဖောပြထားပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ ဆွန်ခရန် အားလပ်ရက်ဟာ ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့နိုင်ဖို့ ကူညီနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
Ref. Bangkok Post