Trend

ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ တင့်ကားများနဲ့ အသည်းပုံဖော်ခဲ့တဲ့ ရုရှားဗိုလ်ကြီး

ရုရှားစစ်တပ်ရဲ့ ကြည်းတပ်ဗိုလ်ကြီးတဦးဟာ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ တင့်ကား ၁၆ စီးကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ Denis Kazantsev လို့ အမည်ရတဲ့ အဲဒီဗိုလ်ကြီးဟာ ချစ်သူများနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေကို နားထားပြီး ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ကြီး Denis Kazantsev ဟာ မော်စကိုမြို့အနီးမှာ ရှိတဲ့ စစ်ရေးလေ့ကျင့်ကွင်းမှာ T-72B2 တင့်ကားတွေကို အသည်းပုံဖော်ဖို့ လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ မြေပြင်မှာ ကြည့်ရင်တော့ တင့်ကားတွေဟာ သာမန်အတိုင်း ရွေ့လျားနေတယ်လို့ ထင်ရပေမယ့် အဲဒီတင့်ကားတွေကို အပေါ်စီးကကြည့်မယ်ဆိုရင် အသည်းပုံစံပေါ်နေတာပဲ ဖြစ်ပါတယ်။

ဗီဒီယိုအတွင်းမှာ ဗိုလ်ကြီးဟာ ချစ်သူကောင်မလေးကို မျက်လုံးအုပ်ခိုင်းပြီး တင့်ကားများရဲ့ အလယ်ကို ခေါ်လာတာပဲ ဖြစ်ပါတယ်။ လက်ထဲမှာ နှင်းဆီပန်းတစည်းကို ကိုင်ထားပြီး ချစ်သူရှေ့မှာ ဒူးထောက်ကာ လက်ထပ်ခွင့်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ချစ်သူဖြစ်တဲ့ Alexandra Kopytova က လက်ထပ်ခွင့်ကို လက်ခံလိုက်ချိန်မှာ ဗိုလ်ကြီးဟာ ချစ်သူကို ပွေ့ချီပြီး အနမ်းတွေ ပေးခဲ့ပါတယ်။ ချစ်သူဖြစ်တဲ့ Alexandra Kopytova က “ကျမ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပြီး ပျော်ရွှင်နေပါတယ်။ ဘာတွေလဲဆိုတာ အစက ကျမ လုံးဝ မသိဘူး။ မျှော်လည်း မမျှော်လင့်ထားဘူးလေ”လို့ ပြောပါတယ်။

ဗိုလ်ကြီး Denis Kazantsev က “ကျနော့်အနေနဲ့ လက်ထပ်ခွင့်တောင်းဖို့ကို လနဲ့ချီပြီး ကြိုစီစဉ်ထားရတာ။ ကျနော့် လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းရတာလည်း ခက်ခဲတယ်လေ။ နောက်ဆုံးတော့ အားလုံးရဲ့ အကူအညီနဲ့ လက်ထပ်ခွင့်တောင်းနိုင်ခဲ့တယ်လေ။ သူမကလည်း ခေါင်းငြိမ့်ခဲ့တယ် ” လို့ ဒေသခံ သတင်းဌာနတွေကို ပြောပါတယ်။

သူတို့ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ သန်းနဲ့ချီခဲ့တယ်လို့ သိရပါတယ်။

Ref. Dailymail

Loading