တရုတ်နိုင်ငံမှာ တရုတ်နှစ်ကူးကျောင်းပိတ်ပြီးနောက် ဒုတိယနှစ်ဝက် ပညာသင်နှစ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်လိုက်ပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ကျောင်းများကို ပိတ်ထားရတဲ့ တရုတ်မှာ ကျောင်းသား သန်း ၂၀၀ ကျော်ကို အင်တာနက်မှ တဆင့် စာသင်နိုင်ဖို့အတွက် တရုတ်အစိုးရက ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
အွန်လိုင်း စာသင်မှုဟာ ပုံမှန်စာသင်ချိန်တွေလိုပဲ စတင်တာ ဖြစ်ပါတယ်။ နိုင်ငံတော်သီချင်းကို ကွန်ပျူတာရှေ့မှာ သီဆိုရပြီး ဒီစာသင်နှစ်မှ ကျောင်းစတက်မယ့် ကလေးတွေကတော့ အဲဒီလို ဆိုတာကို ကွန်ပျူတာကတဆင့် ကြည့်ရှုကြတယ်လို့ သိရပါတယ်။
ဘာသာရပ်တိုင်းကို အင်တာနက်မှတဆင့်သာ သင်ကြားတာဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ထားတာကြောင့် တရုတ်နိုင်ငံသားပေါင်းများစွာဟာ နေအိမ်ကနေ ထွက်ခွာခွင့်ကို ပိတ်ပင်ခံထားရပါတယ်။ လူစုဝေးခြင်းကို တားမြစ်ထားပြီး ကျောင်းဖွင့်ခွင့်ကိုလည်း တားမြစ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ အွန်လိုင်းစာသင်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။ ကလေးများအားလုံး ကျောင်းဖွင့်ချိန်မှာ စာသင်နိုင်အောင် ပြုလုပ်ထားတဲ့ ဒီနည်းစနစ်ကို မနှစ်သက်တဲ့ မိဘများလည်း ရှိနေပါတယ်။ အင်တာနက်ကနေ တဆင့် စာသင်ရတာဖြစ်လို့ ဆရာ၊ ဆရာမများက အနီးကပ် မရှိနိုင်တာကြောင့် မိဘများက တာဝန်ယူပြီး ရှင်းပြရတာတွေ ရှိနေလို့ အခုလို ဝေဖန်သံတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
အမည်ဖော်ပြလိုခြင်း မရှိတဲ့ မိဘတဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “အင်တာနက်ကနေ စာသင်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ မိဘတွေ အားလုံးက ဆရာ၊ဆရာမတွေ ဖြစ်ကုန်ရော” ဆိုပြီး ရေးသားထားပါတယ်။
ကလေး ၂ယောက် မိခင်ဖြစ်တဲ့ Cao Jing ကလည်း “အင်တာနက်ဖွင့်ပြီး စာသင်ရတာဆိုတော့ သူတို့က စာကို စိတ်မဝင်စားတော့ဘူး။ ကျမကတော့ သူတို့ ဆော့နေတာပဲ မြင်တယ်။ ကျောင်းတွေ မြန်မြန်ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျမလည်း လုံးပါးပါးနေပြီ”လို့ ပြောဆိုရေးသားခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ကတော့ ဗိုင်းရပ်စ်အခြေအနေ မတည်ငြိမ်သေးသရွေ့ အင်တာနက်မှ တဆင့်သာ စာသင်မှာ ဖြစ်ပြီး ကျောင်းများကို ဆက်လက်ပိတ်ထားဦးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနအနေနဲ့ အင်တာနက်လိုင်းကောင်းမွန်ခြင်းမရှိတဲ့ နေရာတွေမှာ ရုပ်မြင်သံကြားကတဆင့် ပညာသင်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref; washingtonpost.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်မြို့မှာ အိမ်မွေး တိရစ္ဆာန် များစွာ ပိတ်မိနေ
အသီးအရွက်သုပ်ဘူး ယူပြေးတဲ့ ကြွက်တကောင်ရဲ့ ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီးနေ
ဖင်လန်နိုင်ငံတွင် ဇနီးဖြစ်သူ မီးဖွားပါက ခင်ပွန်းဖြစ်သူကိုပါ လစာပြည့် ခွင့်ပေး