ဝါသနာကြောင့် နှစ်ပေါင်း ၄၀ကျော် မှိုစိုက်ပျိုးလုပ်ကိုင်ခဲ့သူ အဘဦးထွန်းပေါ်
စာဖတ်သူဟာ မှိုကြိုက်တဲ့သူဖြစ်ဖြစ်၊ မကြိုက်တဲ့သူဖြစ်ဖြစ် စားဖိုမှုးတွေကတော့ မှိုလေးထည့်ချက်လိုက်မှ ဟင်းတပွဲရဲ့ အရည်၊ အနှစ်၊ အဖတ် စတဲ့ သဘာဝအရသာကို ပိုပြီး ထူးကဲလေးနက်သွား တယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံဟာ ရာသီစုံရှိတဲ့ သဘာဝ ပတ်ဝန်းကျင်ကြီးကို ပိုင်ဆိုင်ထားလေတော့ မှိုစိုက်ဖို့ တကယ့်ကို အခွင့်သာတဲ့ ဒေသတခုလည်း ဖြစ်နေတာပါ။
နှစ်ပေါင်း လေးဆယ်ကျော် မှိုစိုက်ပျိုးရတဲ့ အလုပ်အပေါ် စွဲလမ်းရူးသွပ်ပြီး တစိုက်မတ်မတ် ကြိုးစားရုန်းကန် လာခဲ့ရာက အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ အဘ ဦးထွန်းပေါ်လို လူမျိုးထက်တော့ မှိုအကြောင်းသိတဲ့သူ ဒီနိုင်ငံမှာရှိနေပါတယ်။ သူ ငယ်ငယ် ဘုန်းကြီးကျောင်းသားဘဝကစလို့ တဘဝလုံးနီးပါး မှိုစိုက်ဖို့ စိတ်ရောကိုယ်ပါ မြုပ်နှံခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ဦးထွန်းပေါ်ရဲ့ တနိုင်တပိုင် မှိုခင်းလေးက ရန်ကုန် အနောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်မှာ ရှိပါတယ်။ အဘ ဦးထွန်းပေါ်က ဒီ မှိုခင်းလေးထဲကနေပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မှိုစိုက်နေတဲ့သူတွေ၊ မှိုစိုက်ချင်တဲ့ သူတွေကို ဆိုရှယ်မီဒီယာကနေ ချိတ်ဆက်မိပြီး သိထားသမျှတွေ ဝေမျှလို့ ပေးနေပါတယ်။ ‘Mtt Mushroom’ လို့ နာမည်ပေးထားတဲ့ Facebook စာမျက်နှာက သူ့ရဲ့ အမာခံပရိတ်သတ်တွေအတွက် မှိုပညာနဲ့ပတ်သက်ပြီး မျှဝေပေးလေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
“လူတွေက အဘကို Facebook ကနေ တွေ့ပြီးလာရှာကြတယ်။ ဟိုတလောက ထိုင်းကနေ မှိုစိုက်နည်း သင်ချင်လို့ဆိုပြီး ကျောင်းသားလေးတယောက် ရောက်လာတယ်။ သူဆိုရင်လည်း အဘကို Facebook ကနေ သိတာပဲ” လို့ ဦးထွန်းပေါ်က ဆိုပါတယ်။
“လူကိုယ်တိုင်မလာနိုင်လို့ Facebook Messenger ကနေ မှိုစိုက်နည်း မေးတဲ့မြန်းတဲ့သူတွေကိုလည်း ပုံတို့၊ စာတို့ ပြန်ပို့ပြီး အကြံပေးရတာလည်းရှိတယ်” လို့ ပြောပြပါသေးတယ်။
အဲ့ဒီနောက် အဘ ဦးထွန်းပေါ်က အိမ်အဝမှာ စီထားတဲ့ ကုန်ကြမ်းအိတ် အပုံလိုက်ကြီးနဲ့ မှိုထုပ်စင်တွေကို ဖြတ်လျှောက်ပြီး သူ့ရဲ့ မှိုခင်းလေးထဲက စွင့်စွင့်ကားကား ပေါက်နေတဲ့ ငွေနှင်းမှိုပွင့်ကြီးတွေကို လိုက်ပြပြန်ပါတယ်။
“ဒီ မှိုခင်းလေးကနေတင် တနေ့ ငါးပိဿာ၊ ၆ ပိဿာလောက် ထွက်တယ်လေ” ငွေနှင်းမှိုတွေ ထွက်နေတဲ့ မှိုထုပ်တထုပ်ကို ကိုင်ရင်း ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။ အဘဦးထွန်းပေါ်ရဲ့ မှိုခင်းလေးကနေ အသင့်စိုက်လို့ရတဲ့ ပျိုးပြီးသား မှိုထုပ်တထုပ်ကို ၄၀၀ ကျပ်နဲ့ ရောင်းပေးနေတာပါ။
မှိုအကြောင်း နောကြေနေပေမယ့် ဦးထွန်းပေါ်ကတော့ မကျေနပ်နိုင်သေးဘဲ မှိုစိုက်နည်းအသစ်တွေ ရှာဖွေလေ့လာပြီး စမ်းသပ်နေဆဲလို့ သိရပါတယ်။
“အခုဆို အဘဆီမှာ မှိုတစ်ရှုးကနေ မျိုးပြန်ပွားပြီး စိုက်တာလည်း အလုပ်ဖြစ်နေပြီလေ”လို့ ဆိုပါတယ်။
ဦးထွန်းပေါ်အတွက် မှိုစိုက်တယ်ဆိုတာ အကျိုးအမြတ်အတွက်ချည်းပဲ မဟုတ်ပြန်ပါဘူး။ သူ သိထား၊ တတ်ထားတာ တွေကို အချိန်ပေးပြီး နောင်လာနောက်သားတွေအတွက် လက်ဆင့်ကမ်းပေးခဲ့ချင်ပါသေးတယ်လို့ ဆိုပါတယ်။
ဒီ ဇာတ်လမ်းတွေအားလုံး သူ့ရဲ့ သားငယ်အတွက် စမတ်ဖုန်းတစ်လုံး ဝယ်ပေးရာက စခဲ့တာလို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဦးထွန်းပေါ်က အခုလို ရှင်းပြပါတယ်။
“အမှန်တော့ အဘသားက Facebook အကောင့်တခုနဲ့ Page တခု စဖွင့်ခဲ့တာဗျ။ ပြီးကာမှ လူတွေက မှိုစိုက်တဲ့ အဘမှန်းသိပြီး Message တွေ အများကြီးပို့၊ သူတို့သိချင်တာ မေးကြတာပေါ့။ ပထမတော့ သားငယ်က အဘပြောတာလေးတွေကို Message ရိုက်ပြီး စာပြန်ပေးတယ်။ နောက်တော့ သူက အဘကို Facebook ဘယ်လိုသုံးရမယ်ဆိုတာ ပြပေးလိုက်တယ်။ အခု အဘ ကိုယ်တိုင် သုံးနေပြီ” လို့ ဆိုပါတယ်။
သူ့ Page ကနေ တနိုင်ငံလုံးကလူတွေနဲ့ အဆက်အသွယ်ရခဲ့တယ်လို့ အဘ ဦးထွန်းပေါ်က ပြောပါတယ်။ ရေခြား၊ မြေခြား ခရီးအဝေးကြီးကနေ မှိုပညာသင်ဖို့ စွန့်စွန့်စားစား လာကြတဲ့သူတွေတောင် ရှိတယ်လို့ သိရပါတယ်။ တခါတလေလည်း ဖိတ်တဲ့သူရှိရင် သူကတောင် ရောက်အောင်သွားပြီး သင်ပေးခဲ့တာပါ။ သူသင်ပေးခဲ့တဲ့ အထဲမှာ လူကြီးအရွယ်တွေ တင်မက ကျောင်းသားလေးတွေတောင် ပါပါတယ်။
“နောက်သင်တန်းက ၉ တန်း၊ ၁၀ တန်း ကျောင်းသားတွေကို သင်ရမှာ။ အဘတို့ မိသားစုလိုက် ခရီးထွက်ပြီး ပဲခူးတိုင်း ဒေသကြီးထဲက သာယာဝတီမြို့မှာရှိတဲ့ ကျောင်းသား (၇၀) ကျော်ကို သင်တန်းပေးဖို့ သွားမှာပါ”လို့ ဦးထွန်းပေါ်က ဆိုပါတယ်။
အခုချိန်ထိ မှိုစိုက်နည်းသင်ပေးခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့လည်း အခုလိုပြောပြပါတယ်။
“ထူးထူးခြားခြား မှတ်မိနေတာဆိုရင်တော့ ကချင်ပြည်နယ်ကနေတောင်လာရတဲ့ သင်တန်းသားလေး တယောက် အကြောင်းပေါ့။ အဲ့ ကလေးက ပညာရေးဆိုလို့ သုံးတန်းပဲအောင်တာ။ ဒါပေမယ့် အဝေးကြီးကနေ အဘဆီ ရောက်အောင်လာပြီး တလလောက် အဘအိမ်မှာနေရင်း မှိုစိုက်နည်း သင်သွားတယ်”
“ သူ့ကို မှို ဘယ်လိုစိုက်ရမလဲ၊ မှိုစာဘယ်လိုပြင်မလဲ၊ မှိုဘယ်လိုထုပ်မလဲ၊ မှိုထုပ်တွေ ဘယ်လို ဂရုစိုက်ရမလဲ သေသေ ချာချာ သင်ပေးလိုက်ပါတယ်။ သူဆို အဘဆီမှာ လာသင်သွားပြီး ကချင်ကိုပြန် မှိုစိုက်လိုက်တာ အဘထက်တောင် အောင်မြင်ပါရောလား” လို့ ဦးထွန်းပေါ်က မှိုစိုက်နည်းနဲ့ ပတ်သက်လို့ သူ့သင်တန်းသားတယောက်အကြောင်းကို ပြောပြပါတယ်။
ဦးထွန်းပေါ်အနေနဲ့ အခုချိန်အထိ မှိုစိုက်နည်းကို လူပေါင်း တထောင်ကျော် မက သင်ပေးခဲ့ဖူးပြီလည်း သိရပါတယ်။ ဦးထွန်းပေါ်ဟာ အသက် ၇၄နှစ်ရှိနေပေမယ့် သူဝါသနာပါတဲ့ မှိုစိုက်ပျိုးနည်းကို ဆက်လက်ပြီး မျှဝေပြောရင်း သင်ကြားပေးသွားဦးမှာလည်း ဖြစ်ပါတယ်။
You may also like these stories:
ကိုအာလာပုံ ဆပ်ပြာခဲတွေ ထုတ်ပြီး သြစတြေးလျတောမီးအတွက် လှူဒါန်းမယ့် Lush အလှကုန်