Trend

ကမ္ဘာပြားကြောင်း သက်သေပြဖို့ ကိုယ်ပိုင်ဒုံးပျံနဲ့ ပျံသန်းခဲ့တဲ့ အမျိုးသား ဒုံးပျံပျက်ကျ သေဆုံး

Daredevil “Mad Mike” Hughes လို့ ခေါ်တဲ့ စွန့်စားရေးသမားဟာ ကိုယ်တိုင်လုပ် ဒုံးပျံနဲ့ စမ်းသပ်ပျံသန်းပြီးနောက် ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒုံးပျံပျက်ကျပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သူဟာ ရေနွေးငွေ့သုံး အာကာသဒုံးပျံကို သူ့ရဲ့ နေအိမ်မှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုံးပျံပြုလုပ်ရတာဟာ ကမ္ဘာပြားကြောင်းကို သက်သေပြဖို့ ဖြစ်ပါတယ်။

သေဆုံးချိန်မှာ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ Hughes ဟာ အာကာသနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်များရဲ့ တွေ့ရှိချက်တွေကို လက်မခံသူတဦး ဖြစ်ပါတယ်။ သိပ္ပံပညာရဲ့ တွေ့ရှိချက်တွေဟာ မှားယွင်းနေတာကြောင့် ကမ္ဘာကြီးဟာ လုံးတာ မဖြစ်နိုင်ကြောင်းကို သက်သေပြလိုသူလည်း ဖြစ်ပါတယ်။

ဒုံးပျံ ပျံသန်းမှုကို အစအဆုံးတွေ့မြင်ခဲ့သူတွေကတော့ သူ့ရဲ့ မိတ်ဆွေ သတင်းထောက်တွေဖြစ်ပြီး ပျက်ကျပြီး သေဆုံးတာကိုလည်း ကြုံတွေ့ရတယ်လို့ ဝါရှင်တန်ပို့စ်ရဲ့ သတင်းထောက်ဖြစ်တဲ့ Wade Stakes က ပြောပါတယ်။

The Science Channel ရဲ့ အစီအစဉ်တခုဖြစ်တဲ့ အိမ်တွင်းအာကာသယာဉ်မှူးများ ဆိုတဲ့ ရုပ်သံရှိုးတခုအတွက် မှတ်တမ်းဗီဒီယိုကို ရိုက်ကူးနိုင်ခဲ့ပေမယ့် Hughes ရဲ့ ဒုံးပျံကတော့ အောင်မြင်ခြင်း မရှိဘဲ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဒုံးပျံပျက်ကျပြီးနောက်မှာ The Science Channel က Hughes သေဆုံးသွားပြီဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တရားဝင် ကြေညာခဲ့ပါတယ်။

“သူကွယ်လွန်သွားတဲ့ အတွက် မိသားစုနဲ့ ထပ်တူပဲ ဝမ်းနည်းရပါတယ်။ ဒီအချိန်တွေဟာ အားလုံးအတွက် ဖြတ်ကျော်ရခက်ခဲတဲ့ အချိန်တွေပါပဲ။ အခုလို လွှတ်တင်မှုကို ပြုလုပ်ချင်တာက သူ့ရဲ့ အိပ်မက်တခုဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ကလည်း သူ့ရဲ့ လုပ်ရပ်ကို မှတ်တမ်းတင်ချင်ခဲ့တာပါ”လို့ The Science Channel က ပြောပါတယ်။

ဒုံးပျံလွှတ်တင်မှုဟာ ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ်ပိုင်းမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဘားစတိုးလ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုံးပျံပျက်ကျမှုကြောင့် ဒုံးပျံအတွင်း လိုက်ပါစီးနင်းလာသူ သေဆုံးခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးက အတည်ပြုချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

Ref. Popularmechanics.com, CNN

You may also like these stories:

ဘာသာရေး ယုံကြည်မှုကြောင့် ညောင် ၁၀ ပင် အဓိဋ္ဌာန် ဝင်တဲ့ အဆိုတော် ဆိုဖီယာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗင်းနစ်မြို့မှာ “Mission: Impossible 7” ရိုက်ကူးရေး ရပ်နား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူဝိတ်မှာ လေကြောင်းလိုင်းအချို့ ပျံသန်းမှု ယာယီ ဆိုင်းငံ့ထား

Loading