မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်နေသူတွေ အများကြီးရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားထဲမှာ တချို့ဟာ အသက် ၁၀ နှစ် မပြည့်ခင်မှာပဲ ထိုင်းနိုင်ငံကို သွားရောက် လုပ်ကိုင်နေသူတွေလည်း ရှိပါတယ်။
ပန်ပန်လို့ အမည်ရတဲ့ မိန်းကလေးဟာ မိဘတွေရဲ့ ငွေကြေးချို့တဲ့မှုကြောင့် ထိုင်းနိုင်ငံကို အသက် ၇ နှစ်လောက်ကတည်းက သွားရောက် နေထိုင်နေသူဖြစ်ပြီး ဦးလေးဖြစ်သူနဲ့အတူ နေထိုင်ခဲ့ပါတယ်။
မိဘတွေနဲ့ ခွဲခွာရတာ ကြာပြီဖြစ်ပြီး သူ့ရဲ့ မွေးသက္ကရာဇ်ကိုတောင် မသိတဲ့ ပန်ပန်ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ Super 100 မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အမိမြေကို ပြန်လာဖို့ လမ်းစရိတ်ကို ရှာခဲ့ပါတယ်။ ကြက်ခြံမှာ အလုပ်ဝင်နေတာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ ပန်ပန်ဟာ ကြက်ဥအလေးချိန်ကို ခန့်မှန်းပြပြီး ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲအတွင်းမှာ ပန်ပန်ဟာ ထိုင်းနိုင်ငံရဲ့ ကြက်ဥစံချိန်အတိုင်းပဲ ခန့်မှန်းပြခဲ့ပြီး စမ်းသပ်မှုများစွာကို အမှားအယွင်းမရှိ ဖြေဆိုနိုင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ အရည်အချင်းကြောင့် လမ်းစရိတ်တွေ ရရှိခဲ့ပြီး အမိမြေဖြစ်တဲ့ မြန်မာနိုင်ငံကို Super 100 ရုပ်သံအစီအစဉ်က ပို့ဆောင်ပေးခဲ့တာကြောင့် ၁၀ နှစ်ကျော် ဝေးကွာခဲ့ရတဲ့ မိသားစုနဲ့ ပြန်လည်ဆုံဆည်း ခဲ့ပြီး သူ့ရဲ့ မွေးသက္ကရာဇ် အမှန်ကိုလည်း သိရှိခွင့် ရခဲ့ပါတယ်။
ပန်ပန်ရဲ့ ပြိုင်ပွဲဝင်တဲ့ ဗီဒီယိုဟာ မြန်မာနိုင်ငံက Facebook လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ရေပန်းစားနေပြီး ကြည့်ရှုသူ ၃ သန်းကျော်ခဲ့ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေဟာ ပန်ပန့်အတွက် ဝမ်းသာစကားတွေ မှတ်ချက်ရေးခဲ့ကြပြီး ပြန်လည်မျှဝေသူ ၉ သောင်းကျော် ရှိခဲ့ပါတယ်။
You may also like these stories:
ဝါသနာကြောင့် နှစ်ပေါင်း ၄၀ကျော် မှိုစိုက်ပျိုးလုပ်ကိုင်ခဲ့သူ အဘဦးထွန်းပေါ်
၈ နာရီကျော် Planking ပြုလုပ်ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အသက် ၆၂နှစ်အရွယ် အမျိုးသား
တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်လာတဲ့ တောင်ကိုရီးယားနိုင်ငံ