ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန် တင်ထားတဲ့ အဘိုးအို Chitetsu Watanabe ဟာ နေအိမ်ရှိရာ ဂျပန်နိုင်ငံမှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ မကြာသေးခင်အချိန်ကပဲ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၁၁၂ နှစ် ရှိပြီဖြစ်ပါတယ်။
အဲဒီ အဘိုးအိုဟာ ဂျပန်နိုင်ငံ၊ နီဂါတာမြို့မှာ ၁၉၀၇ ခုနှစ် မတ်လ ၅ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ အဘိုးအို Chitetsu Watanabe ကို ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် ဂင်းနစ်မ္ဘာ့စံချိန် အဖွ့ဲအစည်းက တရားဝင် အသိအမှတ်ပြုပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
နီဂါတာမြို့မှာ ရှိတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာမှာ ကွယ်လွန်ခဲ့တဲ့ Chitetsu Watanabe မှာ သားသမီး ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဂင်းနစ်စံချိန်အဖွဲ့ရဲ့ မှတ်တမ်းတွေ အရ Chitetsu Watanabe ဟာ ဂျပန်နိုင်ငံ၊ နီဂါတာမြို့မှာ မွေးဖွားကြီးပြင်းခဲ့ပြီးနောက် ထိုင်ဝမ်ကို ကြံစိုက်တောင်သူအဖြစ်နဲ့ သွားရောက် နေထိုင်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ဂျပန်နိုင်ငံကို ပြန်လာပြီး အငြိမ်းစားယူချိန်အထိ စိုက်ပျိုးရေးအရာရှိအဖြစ် အသက်မွေးခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာ့အသက်အရှည်ဆုံးလူများ နေထိုင်ရာနိုင်ငံအဖြစ် သတ်မှတ်ခြင်းကို ခံထားရတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ဖော်ပြထားပါတယ်။
Ref. CNN