တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်မြို့က စတင်ခဲ့တဲ့ (COVID-19) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားပြီးတဲ့နောက် နိုင်ငံတကာအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုကို နိုင်ငံတကာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်နေတာကိုလည်းတွေ့ရပါတယ်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အင်ဒိုနီးရှားနိုင်ငံကို လာရောက် လည်ပတ်မယ့် နိုင်ငံတကာခရီးသွား ၁၁၈ ယောက်ကို အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး ဌာနက ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့ပါတယ်။
အဲဒီ ခရီးသွား ၁၁၈ ယောက်ဟာ တရုတ်နိုင်ငံမှာ ၁၄ ရက်ကြာ နေထိုင် လည်ပတ်ခဲ့သူတွေဖြစ်တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံကို ပြည်ဝင်ခွင့် မပေးရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Arvin Gumilang က ပြောပါတယ်။
၂၀၂၀ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ ဥပဒေတရပ်အနေနဲ့ ပြဌာန်းထားလို့ ညွှန်ကြားချက်နဲ့အညီ အခုလို ပြည်ဝင်ခွင့် ငြင်းပယ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အခုချိန်မှာတော့ တရုတ်နိုင်ငံကို မပြန်နိုင်ဘဲ အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၁,၂၄၇ ယောက်ကို အချိန်ပိုနေထိုင်ခွင့် ဗီဇာထုတ်ပေးထားတယ်လို့လည်း သိရပါတယ်။ အင်ဒိုနီးရှား နိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံကို မပြန်နိုင်ကြတော့ပါဘူး။
လေကြောင်းလိုင်း ပျံသန်းမှုတွေကို ယာယီဆိုင်းငံ့ထားတဲ့ အတွက်ကြောင့် တရုတ်နိုင်ငံသား တွေအနေနဲ့ တရုတ်နိုင်ငံကိုပြန်ဖို့ နည်းလမ်းမရှိပါဘူး။ ဒါကြောင့်လည်း သူတို့ကို အချိန်ပိုနေထိုင် ခွင့်ဗီဇာထုတ်ပေးထားရခြင်းဖြစ်ကြောင်း Arvin က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကတည်းက တရုတ် – အင်ဒိုနီးရှား လေကြောင်းလိုင်းပျံသန်းမှုတွေကို ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အချိန်ဘယ်လောက်ကြာကြာ နေထိုင်ရဦးမလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အခုချိန်ထိတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ မရှိသေးဘူးလို့ သိရပါတယ်။
Ref: thejakartapost
You may also like these stories:
စင်ကာပူပြန် ဖျားနာနေသောအမျိုးသမီးကို ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ
မြို့တော်ကို ဘော်နီယိုကျွန်းသို့ ပြောင်းရန် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို လွှတ်တော်သို့ အဆိုတင်