Trend

Diamond Princess သင်္ဘောပေါ်မှ ဆင်းလာသူများထံ COVID-19 ရောဂါလက္ခဏာများ တွေ့ရ

Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှ ဆင်းခွင့်ပေးလိုက်တဲ့ ခရီးသည်တွေမှာ ကိုယ်ပူခြင်း အပါအဝင် COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာများတွေ့ရတာကြောင့် သူတို့ကို ဗိုင်းရပ်စ်စစ်ဆေးရန် ပြောကြားသွားမယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ဖေဖါ်ဝါရီ ၂၆ ရက်နေ့က ပြောပါတယ်။

အဲဒီအပျော်စီးသင်္ဘောမှာ လိုက်ပါလာခဲ့ပြီး ဟောင်ကောင်မှာဆင်းသွားခဲ့တဲ့ အမျိုးသားတဦးမှာ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိရပြီးနောက် သင်္ဘောကို ဂျပန်မှာ သီးသန့်ဆိုက်ကပ်ထားစေပြီး ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့ပါတယ်။ အစောပိုင်း ဗိုင်းရပ်စစ်ဆေးမှုအရ ကူးစက်ခံထားရကြောင်း မတွေ့ရှိရတဲ့ ခရီးသည် ၉၇၀ ခန့်ကို ၁၄ ရက်ပြည့်ပြီးနောက် သင်္ဘောပေါ် မှဆင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဂျပန်အစိုးရက အပျော်စီးသင်္ဘောပေါ်မှ ဆင်းခွင့်ပေးခဲ့သူများထဲက ခရီးသည် ၈၃၁ ဦးကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၄၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာများရှိနေကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ကတ်ဆူနိုဘိုကတ်တိုက လွှတ်တော်မှာ ပြောကြားပါတယ်။

ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှာ အခုအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၀ နီးပါးနဲ့ သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

“အခုလို ဖြစ်ခဲ့ရတဲ့အတွက် ပြည်သူတွေကို အနူးညွတ်တောင်းပန်ပါတယ်။ ကျနော်တို့ရဲ့ ပေါ့လျော့မှုကြောင့် ဒီလို အမှားအယွင်းတွေ ရှိခဲ့ရတာပါ။ နောက်ထပ် ဒီလို အဖြစ်မျိုးကို ဘယ်တော့မှ မဖြစ်ခံမှာ မဟုတ်ပါဘူး”လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ခရီးသည်တွေကို ဆင်းခွင့်ပေးခဲ့တာနဲ့ ပတ်သတ်ပြီး ပြောဆိုတောင်းပန်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ သင်္ဘောဟာ လုံလောက်တဲ့ ကျန်းမာရေးအထောက်အကူကို ပေးနိုင်စွမ်းမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံမှုကြောင့် သေဆုံးသူအရေအတွက် လျော့နည်းလာခဲ့ပေမယ့် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေ သိသာစွာ မြင့်တက်နေတာ ဖြစ်ပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။

Ref. nypost.com, AFP

You may also like these stories:

ထိုင်းကျောင်းသားတဦးထံ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးတဲ့နောက် ကျောင်းကို ယာယီပိတ်ထား

အီရန်နိုင်ငံမှာ ကျန်းမာရေး ဒုဝန်ကြီးကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

တရုတ်မှ ပြန်လာတဲ့ ခရီးသွား ၁၁၈ ယောက်ကို အင်ဒိုနီးရှားနိုင်ငံက ပြည်ဝင်ခွင့် ငြင်းပယ်

Loading