တိရစ္ဆာန်လေးတွေ အများစု လမ်းပျောက်တဲ့အခါ၊ ပျောက်ဆုံးတဲ့အခါ မွေးမြူထားတဲ့ ပိုင်ရှင်တွေအနေနဲ့လည်း စိုးရိမ်သောက များရသလို တိရစ္ဆာန်လေးတွေအနေနဲ့လည်း လူတွေလို စကားမပြောတတ်တာကြောင့် ဒုက္ခရောက်ကြရတာပါ။
ဒါပေမဲ့ Chico လို့ခေါ်တဲ့ ခွေးလေး တကောင်ကတော့ သူလမ်းပျောက်နေကြောင်း၊ အိမ်မပြန်တတ်တော့ကြောင်းကို ရဲစခန်းထဲထိ ဝင်လာပြီး အမူအရာနဲ့ အသိပေး တိုင်တန်းခဲ့တဲ့ အဖြစ်အပျက်တခုကတော့ သိပ်မကြာခင် ရက်ပိုင်းအတွင်းက ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Odessa ရဲစခန်း စုံစမ်းရေးဌာနကို မနက်စောစော ဝေလီဝေလင်း အချိန်လောက်မှာ ခွေးလေး တကောင် ရောက်ရှိလာခဲ့တာပါ။ စုံစမ်းရေးဌာနက တာဝန်ရှိသူတွေကိုရော အနီးအနားက ရဲသားတွေကိုပါ အကူအညီတောင်းခံတဲ့ ဟောင်သံနဲ့ အပြုအမူတွေ ပြပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။
ဒီ ခွေးလေး Chico ရဲ့ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ရဲသားတွေက သတိထားမိသွားပြီး ဒါဟာ လမ်းပျောက်နေတဲ့ ခွေးလေး တကောင်ဖြစ်နိုင်တယ်လို့ ယူဆလိုက်ကြတာပါ။
လူတွေနဲ့ ရင်းရင်းနှီးနှီးရှိပြီး သနားစဖွယ် အကူအညီ တောင်းခံနေတဲ့ ခွေးလေး ရဲ့ အပြုအမူကြောင့် ရဲသားတွေကလည်း သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာပေါ်မှာ ခွေးလေး ရဲ့ဓာတ်ပုံနဲ့အတူ ရဲစခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းကို အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။
ရဲစခန်းဆီရောက်ရှိလာချိန်မှာ ခွေးလေး Chico ဟာ သူ့လည်ပတ်တခုပဲ ပါရှိလာတာဖြစ်ပြီး ID ကတော့ တနေရာမှာ ကျပျောက်ကျန်နေခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရဲအရာရှိ Rusty Martin က “ ကျနော်တို့ စခန်းက ရဲသားတွေ အားလုံးက Chico ကို ချစ်ကြပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့်လည်း အံ့အားသင့်ခဲ့ရပါတယ်။ သူ့ပိုင်ရှင်တွေ သူ့ကို လာမခေါ်ခင် အချိန်အတောအတွင်းမှာလည်း ကျနော်တို့ အဝတ်လဲခန်းထဲမှာ သူ့ဘာသာ တင်းနစ်ဘောလုံးလေးတလုံးနဲ့ အေးအေးဆေးဆေး ဆော့ကစားနေတာပါ။ ရဲစခန်းကိုသူလာပြီး နောက်တရက်မှာပဲ ပိုင်ရှင်တွေက သူ့ကို ပြန်ခေါ်သွားကြတာပါ ”လို့ ဆိုပါတယ်။
Ref. www.boredpanda.com
You may also like these stories:
တရုတ်ရှိ ဆေးရုံဆင်း လူနာတွေမှာပါ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုများ ထပ်မံတွေ့ရှိ
ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အသက်အရှည်ဆုံး အဘိုးအို အသက် ၁၁၂ နှစ်မှာ ကွယ်လွန်
အပူချိန်မြင့်မားမှုကြောင့် ကျက်စားရာနယ်မြေ နည်းသွားပြီး ပိန်လှီလာကြတဲ့ ဝင်ရိုးစွန်းဝက်ဝံများ