အီတလီနိုင်ငံ၊ မြို့ပေါင်း ၁၁ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ ဖြစ်ပွားနေ
ကိုရိုနာဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ ကပ်ဆိုးတမျိုး ဖြစ်လာနေပါတယ်။ ဒါကြောင့်လည်း ရောဂါကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ နိုင်ငံတွေကို ခရီးမသွားဖို့ လိုပါတယ်။ လိုအပ်လို့ ခရီးသွားရမယ်ဆိုရင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်တွေကို လိုက်နာဖို့ လိုပါတယ်။
ရောမ မှာရှိတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သံရုံးကလည်း အီတလီနိုင်ငံကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားကြတဲ့ ယူအေအီး နိုင်ငံသားတွေအနေနဲ့ ခရီးစဉ်ကို ဆိုင်းငံ့ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တကယ်တော့ အီတလီနိုင်ငံတင် မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ဘယ်နိုင်ငံကိုမဆို ခရီးမထွက်သင့်တာပါ။
New York Times ရဲ့ ဖော်ပြချက်အရ အနည်းဆုံး နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံပြီးရင် အီတလီနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း အများဆုံး ဖြစ်နေပါတယ်။
ဒီကနေ့အချိန်ထိ အီတလီနိုင်ငံမှာ လူပေါင်း ၆၅၀ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ၁၇ ယောက်သေဆုံးခဲ့ရတယ်လို့ အီတလီကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့်လည်း အီတလီအစိုးရအနေနဲ့ စာသင်ကျောင်း ၊ တက္ကသိုလ် ၊ ရုပ်ရှင်ရုံစတဲ့နေရာတွေကို ပိတ်ထားပါတယ်။
ရောမမှာရှိနေတဲ့ ယူအေအီးသံရုံးအနေနဲ့ အီတလီနိုင်ငံကို ရောက်နေတဲ့ ယူအေအီးနိုင်ငံသားတွေကို အရေးပေါ်အခြေအနေမျိုး ကြုံခဲ့ရင်ခေါ်ဆိုဖို့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးထားတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်လာတဲ့ အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွား အများဆုံးလာရောက်တဲ့ နိုင်ငံတနိုင်ငံပါ။
အခုဆိုရင်တော့ အီတလီနိုင်ငံကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားကြတဲ့ ခရီးသွားပေါင်း ၇၀ ရာခိုင်နှုန်းလောက်က ခရီးစဉ်တွေကို ပယ်ဖျက်ခဲ့ကြတယ်လို့ အီတလီနိုင်ငံ ခရီးသွားလာရေး ကုမ္ပဏီနဲ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။
၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းက အီတလီနိုင်ငံမှာ ၅၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ လူပေါင်း ၈၃,၀၄၈ ယောက် ရောဂါကူးစက်ခံနေရပြီး ၂,၈၅၈ ယောက် သေဆုံးခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာရဲ့ ခရီးသွားလုပ်ငန်း ကျဆင်း လာသလို စီးပွားရေးကိုလည်း များစွာထိခိုက်လာပါတယ်။
အီးယူ ကျန်းမာရေးကော်မရှင်နာ Stella Kyriakides ကလည်း ရောမကျန်းမာရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ ဇစ်မြစ်ကို သေသေချာချာ မသိရသေးဘူးလို့ ပြောပါတယ်။
Ref: NYtimes, BBC
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ဂျပန်ရှိ ကျောင်းများ အားလုံး ပိတ်မည်
ကိုရိုနာဗိုင်းရပ်စ်ရဲ့ နာမည်ကြောင့် ကိုရိုနာတံဆိပ် ဘီယာ ကုမ္ပဏီကို ထိခိုက်မှုများရှိနေ
ကိုရိုနာနဲ့ ပတ်သက်ပြီး ဂျပန်ရောက် မြန်မာများအတွက် မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်