အီရန်နိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်သူ Masoumeh Ebtekar ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အီရန်အစိုးရက အတည်ပြုပြောကြားလိုက်ပါတယ်။ အခုဆိုရင်တော့ အီရန်နိုင်ငံမှာ ရောဂါကူးစက် ခံထားရတဲ့ အစိုးရအဖွဲ့ဝင်ပေါင်း ၇ ဦးအထိ ရှိလာပါတယ်။
အီရန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ အနည်းဆုံး ၂၄၅ ယောက်ရှိနေပြီး လူ ၂၆ ယောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။ ရောဂါကူးစက်ခံနေရတာကတော့ Qom မြို့က ပိုများပါတယ်။ Qom မြို့ကို ရှီအာဘုရားဖူးခရီးသွားတွေ အများဆုံး လာရောက်လေ့ ရှိပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ လူသေဆုံးမှုနှုန်းက ၂၀ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ရောဂါကူးစက်ခံထားရသူ ၁၀၀၀ ကျော်လောက်အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မကြာခင်ရက်ပိုင်းလောက်ကပဲ ဘာရိန်း၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်၊ အိုမန်၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ပါကစ္စတန်၊ ကူဝိတ် စတဲ့ နိုင်ငံတွေမှာ ရောဂါ ကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ပြီး သူတို့အားလုံးဟာ အီရန်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင်လည်း အီရန်နိုင်ငံဟာ အစိုးရပိုင်းတာဝန်ရှိသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု အများဆုံး နိုင်ငံဖြစ်နေပါတယ်။ အီရန်နိုင်ငံဟာ တရုတ်နိုင်ငံကနေတဆင့် ဗိုင်းရပ်စ် ကူးစက်ခံခဲ့တယ်လို့ ယူဆထားရတဲ့ အကြောင်းကတော့ တရုတ်နိုင်ငံနဲ့ စီးပွားရေး မိတ်ဖက်တွေ ဖြစ်နေတဲ့အတွက်ကြောင့်ပါ။
အခု သောကြာနေ့မှာလည်း မြို့ပေါင်း ၂၀ မှာကျင်းပဖို့စီစဉ်ထားတဲ့ ဝတ်ပြုဆုတောင်းပွဲတွေကို တားမြစ်ခဲ့သလို စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကိုလည်း မတ်လ ၂၁ နေ့အထိပိတ်ထားပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Seyed Abbas Mousavi က အခု သောကြာနေ့မှာ ဗိုင်းရပ်စ် စစ်ဆေးတဲ့ စက်အလုံးပေါင်း ၂၀,၀၀၀ တရုတ်နိုင်ငံကနေ လက်ခံရရှိမယ်လို့ ဆိုပါတယ်။ အီရန်လေကြောင်းလိုင်းဖြစ်တဲ့ Mahan Air အနေနဲ့လည်း အခုချိန်ထိတိုင် တရုတ်နဲ့ အီရန် ပျံသန်းလျက် ရှိပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းအရ အီရန်နိုင်ငံကပြန်လာတဲ့ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Alexander Schallenberg မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ သိရပါတယ်။
Ref: NYtimes
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တောင်ကိုရီးယားမှာ BTS အဖွဲ့ရဲ့ ဖျော်ဖြေပွဲများ ဖျက်သိမ်း
အီတလီနိုင်ငံ၊ မြို့ပေါင်း ၁၁ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ ဖြစ်ပွားနေ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ဂျပန်ရှိ ကျောင်းများ အားလုံး ပိတ်မည်