တောင်ကိုရီးယား တရားရေးရာဝန်ကြီးဌာနက အရာရှိတဦးဟာ ဟန်မြစ်တံတားပေါ်ကနေ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ မီဒီယာတွေမှာ ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြထားပါတယ်။ အဆိုပါ အရာရှိဟာ ကိုရီးယားနိုင်ငံ မှာ ကူးစက် ပျံ့နှံ့နေတဲ့ Covid-19 ဗိုင်းရပ်စ် အရေးပေါ် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်ကို ကြီးကြပ်နေသူတဦးလည်း ဖြစ်ပါတယ်။
အမျိုးသားအဆင့် အရေးပေါ်နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံရေးမှ ကြီးကြပ်ဆောင်ရွက်နေသူတယောက် ဖြစ်တဲ့ အသက် ၃၀ ကျော်အရွယ် အဆိုပါအမျိုးသားဟာ CCTV မှတ်တမ်းတွေအရ ကားမောင်းလာပြီး Dongjak တံတားပေါ်ကနေ ဟန်မြစ်ထဲကို ခုန်ချသတ်သေသွားတာကို တွေ့ရှိခဲ့ရပါတယ်။
အဆိုပါ အမျိုးသားဟာ ကိုရီးယားစံတော်ချိန် မနက် ၅ နာရီဝန်းကျင်လောက်မှာ ဟန်မြစ်တံတားပေါ်ကနေ ခုန်ချသွားခဲ့တာဖြစ်ပြီး မနက် ၉ နာရီလောက်မှ Banpo ကယ်ဆယ်ရေးအဖွဲ့က အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့ လုပ်ငန်းခွင်ကြား ဆက်စပ်မှု ရှိ ၊ မရှိ အချက်ကို မှုခင်းရဲအရာရှိတွေနဲ့ တောင်ကိုရီးယား တရားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစုံစမ်းနေကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ဖေဖော်ဝါ ရီ ၂၇ ရက်နောက်ဆုံးအခြေအနေအရ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံရသူ ၅၀၅ ဦးထပ်တိုးလာပြီး စုစုပေါင်း ကူးစက်ခံရသူ အယောက် ၂,၀၀၀ ကျော်လွန်သွားပြီလို့ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃ ယောက်ရှိသွားပါပြီ။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနကလည်း တောင်ကိုရီးယားနိုင်ငံမှာ အများဆုံး ပျံ့နှံ့ဖြစ်ပွားနေတဲ့ Cheongdo နဲ့ Daegu မြို့တွေကို ၁၄ ရက်အတွင်း သွားရောက် လည်ပတ်ခဲ့တဲ့ ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
ဒါ့ပြင် စင်ကာပူနိုင်ငံ နန့်ယန်း နည်းပညာတက္ကသိုလ် (NTU) ကလည်း တောင်ကိုရီးယားနိုင်ငံနဲ့ Student Exchange အစီအစဉ်တွေကို ဖျက်သိမ်းခဲ့တဲ့အပြင် စင်ကာပူ နိုင်ငံခြားရေးဌာနကလည်း ပြည်သူတွေကို မလိုအပ်ဘဲ Cheongdo နဲ့ Daegu မြို့တွေကို သွားရောက် လည်ပတ်ခြင်း မပြုကြဖို့ တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် Covid-19 ပျံ့နှံ့လာမှုကို ထိန်းချုပ်တဲ့အနေနဲ့ စာသင်ကျောင်းတွေကို စာသင်နှစ်ဝက် ပြီးတဲ့အထိ ပိတ်ထားဖို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၀၀ ကျော်ရှိပြီး ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Ref: Mothership
You may also like these stories:
မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အရာရှိတဦး ပစ်သတ်ခံရ
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တောင်ကိုရီးယားမှာ BTS အဖွဲ့ရဲ့ ဖျော်ဖြေပွဲများ ဖျက်သိမ်း
အီတလီနိုင်ငံ၊ မြို့ပေါင်း ၁၁ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ ဖြစ်ပွားနေ