ကလေးတွေကို ရိုက်နှက်ဆုံးမပြီး ထိန်းကျောင်းသွန်သင်တာဟာ တော်တော်များများ အရိုးစွဲနေကြတဲ့ အလေ့အထ တခုလို့ ပြောလို့ရပါတယ်။ ကောင်းစေချင်လို့ သွန်သင်၊ ပဲ့ပြင်တယ်ဆိုပေမယ့် ကလေးငယ်တွေမှာတော့ အရွယ်ရောက်ကြီးပြင်းလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုတွေ ဖြစ်စေတာကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေကို ဘာကြောင့် ရိုက်နှက်ပြီး မဆုံးမသင့်လဲဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အကြမ်းဖက် ရန်လိုစိတ်တွေ များလာမယ်
ငယ်ရွယ်စဉ်မှာ ရိုက်နှက်ပြီး ဆုံးမခံရတဲ့ ကလေးတွေဟာ အရွယ်ရောက် ကြီးပြင်းလာတဲ့အခါ သာမန်ထက်ပိုပြီး အကြမ်းဖက် ရန်လိုစိတ်တွေ၊ ဒေါသကြီးတာမျိုးတွေ ဖြစ်တတ်တယ်လို့ ကလေးစိတ်ပညာရှင်တွေက ဆိုပါတယ်။ တခုခုဆို လက်ပါတာ၊ အကြမ်းဖက် ဖြေရှင်းတဲ့ အပြုအမူမျိုးတွေကို အရွယ်ရောက်လာချိန်မှာ ပုံမှန်ထက်ပိုပြီး ကျူးလွန်တတ်ကြတယ်လို့လည်း လေ့လာမှုတွေက ဆိုပါတယ်။
(၂) စိတ်ဒဏ်ရာတွေအဖြစ် တဘဝလုံး ထင်ကျန်နေတတ်တယ်
အရွယ်ရောက်လာချိန်မှာ ကိုယ့်ရဲ့ကလေးဘဝကို ပြန်လည်တွေးကြည့်ရုံနဲ့ ရိုက်နှက် ဆုံးမခံရတာတွေ၊ ဝမ်းနည်း ငိုကြွေးခဲ့ရချိန်တွေကိုသာ မြင်ယောင်မိတာကြောင့် တဘဝလုံးမှာ စိတ်ဒဏ်ရာ နာကျင်စရာတွေအဖြစ် အမြဲလိုလို ကပ်ပါနေတယ်လို့ ခံံစားရတတ်ပါတယ်။
(၃) ရိုက်နှက် ဆုံးမတာဟာ အကျင့်တခုလို ဖြစ်လာတယ်
ကလေးငယ်တွေကို ရိုက်နှက် ဆုံးမလိုက်ပေမယ့် နောက်တကြိမ်မှာလည်း ဒီလိုအမှားမျိုး ထပ်ကျူးလွန်လာဦးမယ်ဆိုရင် အရင်ကထက် ပိုမိုပြင်းထန်တဲ့ ရိုက်နှက် ဆုံးမတာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဒါဟာ အလေ့အကျင့်တခုလို အရိုးစွဲလာပြီး ရိုက်နှက်ခြင်းကနေ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။
(၄) ရိုက်နှက်ဆုံးမ ခံရခြင်းဟာ ကလေးငယ်တွေအတွက် အရှက်ရစရာ တခုဖြစ်လာတယ်
မိဘကတော့ ရိုက်နှက် ဆုံးမလိုက်ပေမယ့် ပတ်ဝန်းကျင်ရဲ့ အမြင်မှာရော၊ ကလေးအတွက်ရောပါ အရှက်ရသိမ်ငယ်စရာ ကိစ္စတခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို ရိုက်နှက်ဆုံးမခြင်းထက် သေချာ နားလည် နားဝင်အောင် ပြောပြ ဆုံးမပေးတာမျိုးကို မိဘတိုင်းက ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.askdrsears.com
You may also like these stories:
ကလေးငယ်တွေကို စိတ်ဒဏ်ရာတွေအထိ ဖြစ်သွားစေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူများ
အကြမ်းဖက်မှုကြားက အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်ပေးပါ