Trend

စာမေးပွဲကာလအတွင်းမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ

စာမေးပွဲတွေဟာ ကျောင်းသားတိုင်းရဲ့ ဘဝမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တနှစ်ပတ်လုံး စာတွေ ကျက်မှတ်ထားပေမယ့် စာမေးပွဲနားနီးတဲ့ အချိန်ကာလအတွင်းမှာ ကျန်းမာရေး မကောင်းဘူးဆိုရင်တော့ ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ လွဲချော်နိုင်ခြေ များပါတယ်။

ဒါကြောင့်မို့လို့ စာမေးပွဲကာလမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ကျန်းမာအောင် ဘယ်လိုနေထိုင် ဂရုစိုက်သင့်လဲဆိုတာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အစားအသောက်ကို ဂရုစိုက်ပါ

စာမေးပွဲနားနီးတဲ့ အချိန်ကာလတွေမှာ စာကျက်တာအပြင် စားသောက်မှုပုံစံကို ဂရုစိုက်ဖို့ကလည်း အရေးပါပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဂရုတစိုက် ရွေးချယ်စားသုံးသင့်ပြီး အပူအစပ်တွေ၊ အငန်ကဲလွန်းတဲ့ အစားအစာတွေနဲ့ စားနေကျ မဟုတ်တဲ့ အစားအစာတွေ စားသုံးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) အိပ်ရေးဝဝ အိပ်စက်ပါ

ညဉ့်နက်ခံပြီး စာကျက်တယ်ဆိုပေမယ့် အိပ်ချိန် လုံလောက်မှုမရှိတာနဲ့ အိပ်ရေးမဝတဲ့ အခါမျိုးတွေမှာ ခေါင်းမကြည်မလင်ဖြစ်ပြီး ကျက်ပြီးသားစာတွေကိုပါ မေ့လျော့တာမျိုး ဖြစ်နိုင်တာကြောင့် အိပ်ရေးဝဝ အိပ်စက်ဖို့ကလည်း အရေးကြီးပါတယ်။

(၃) ကော်ဖီ အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ

ကော်ဖီတွေနဲ့ အားဖြည့်အချိုရည် (Energy Drinks) တွေဟာ စိတ်ကို လန်းဆန်းကြည်လင်ပြီး အိပ်ချင်ပြေစေတယ် ဆိုပေမယ့် အလွန်အကျွံ သောက်သုံးတဲ့အခါ အိပ်စက်ရ ခက်တာ၊ ရင်တုန်ပြီး မူးဝေတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) စာကျက်လိုက်၊ အနားယူလိုက် လုပ်ပါ

စာတွေကိုပဲ တောက်လျှောက် မရပ်မနား ကျက်တာမျိုးထက် စာကျက်လိုက်၊ ခဏ အနားယူလိုက် လုပ်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာဖြစ်သလို အာရုံစူးစိုက်မှုအားကိုလည်း ပိုကောင်းစေပါတယ်။

(၅) စာမေးပွဲပြီးတဲ့အခါ အနားယူဖို့ကို ကြိုတင်တွေးတောပါ

စာမေးပွဲပြီးတဲ့အခါ အပန်းဖြေ အနားယူဖို့အတွက် ကြိုတင်တွေးတော စဉ်းစားထားတာဟာ စာမေးပွဲကာလအတွင်း ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာဖြစ်သလို စာတွေပိုလုပ်ဖြစ်ဖို့ စိတ်အားထက်သန်မှုတွေကိုလည်း ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

Ref. www.skillsyouneed.com

ခရီးသွားလာခြင်းရဲ့အကျိုးကျေးဇူးများ

စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများ

Loading