အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပထမဆုံး လူသေဆုံးမှုအပြီးမှာ ဝါရှင်တန်မြို့တော်ဝန်က ပြည်နယ်အရေးပေါ်အဆင့် ကြေညာလိုက်ပါတယ်။ လက်ရှိအချိန်မှာလည်း အယောက် ၅၀ ကျော် ကူးစက်ခံနေရတာကြောင့် ဆေးရုံမှာ အထူးကုသပေးနေရတယ်လို့ ဆိုပါတယ်။
မြို့တော်ဝန် Jay Inslee က ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက် ပျံ့နှံ့လာမှုကို ကာကွယ်ဖို့အတွက် လိုအပ်သမျှ ဘယ်အရာမဆို ပြင်ဆင်နေတဲ့အပြင် “ကျနော်တို့တွေ ဒီဗိုင်းရပ်စ်ကြောင့် မည်သူတဦးတယောက်မှ သေဆုံးတာမျိုး မရှိတော့တဲ့အချိန်ထိ ဆက်လက် ကြိုးစားလုပ်ဆောင်သွားမှာပါ” လို့ မြို့တော်ဝန်က ဆိုပါတယ်။
ကယ်လီဖိုးနီးယား၊ အိုရီဂွန်နဲ့ ဝါရှင်တန်ပြည်နယ်တွေက ကျန်းမာရေးအရာရှိတွေဟာ ပြည်နယ်တွင်းမှာ ဆက်တိုက်ဆိုသလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာမှုကို စိုးရိမ်နေပါတယ်။ ကူးစက်ခံရသူ အများစုဟာ အဓိကဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ဖူးသူတွေ မဟုတ်သလို၊ ကူးစက်ခံလူနာနဲ့လည်း ထိတွေ့ဖူးသူတွေ မဟုတ်တာကြောင့် အကြောင်းရင်း မသိရသေးဘဲ အများအပြား ကူးစက်သွားမှာကို စိုးထိတ်နေတာပါ။
သေဆုံးသွားတဲ့ အသက် ၅၀ အရွယ် အမျိုးသားဟာ ခရီးသွားလာထားခြင်း မရှိသလို Covid-19 ကူးစက်ခံ လူနာနဲ့လည်း ထိတွေ့ဖူးတာ မရှိဘူးလို့ တာဝန်ရှိသူတွေက ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ရှိသူတွေကို စောင့်ကြည့် ကုသပေးနေပြီး နောက်ထပ်လည်း ထပ်ရှိလာနိုင်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့ပြင် Covid-19 ကူးစက်ခံရမှု နှစ်ခုဟာ သက်ကြီးဘိုးဘွားတွေကို ရေရှည်ပြုစု စောင့်ရှောက်ပေးတဲ့ Life Care Center နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ စင်တာမှာ အလုပ်လုပ်တဲ့ အသက် ၄၀ အရွယ် ပြုစု စောင့်ရှောက်ပေးသူတယောက် ဆေးရုံတက် ကုသနေရသလို စင်တာမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အဘွားတဦးမှာလည်း စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတက်ရောက်နေရပါတယ်။
“ဒီစင်တာက အယောက် ၅၀ ကျော်လောက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ တက်ရောက်ကုသနေရသလို၊ အမိုးနီးယားလို အဆုတ်ရောင်ရောဂါ လက္ခဏာတွေကြောင့် Covid-19 ကူးစက်ခံရမှုရှိမရှိ စစ်ဆေးထားပါတယ်။ နောက်ထပ်လည်း ကူးစက်ခံလူနာတွေ ရှိလာနိုင်တယ်” လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အဆိုပါ Life Care Center ကို ပိတ်ပင်ထားပြီး စင်တာဝန်ထမ်းတွေနဲ့ နေထိုင်သူသက်ကြီးဘိုးဘွားတွေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ စတုတ္ထမြောက် ကူးစက်ခံရသူ အမျိုးသမီးဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက် ကုသနေသူနဲ့ ထိတွေ့မှု ရှိခဲ့ပေမယ့် ဖျားနာတာ မရှိတာကြောင့် ဆေးရုံတက်ရောက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အမေရိကန်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၆၀ ကျော် ရှိသွားပြီဖြစ်ပြီး ကမ္ဘာအနှံ့မှာတော့ ကူးစက်ခံရသူ ၈၃,၀၀၀ ကျော်ရှိကာ သေဆုံးသူ ၂,၈၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူ အများစုဟာ သာမန်နှာစေး၊ ချောင်းဆိုးတာမျိုးလောက်ပဲ တွေ့ရသလို ပြင်းထန်တဲ့ရောဂါ လက္ခဏာမျိုးလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် နှလုံးနဲ့ အဆုတ်ရောဂါ အခံရှိတဲ့ အသက်ရွယ်ကြီးရင့်သူတွေမှာ ကူးစက်ခံရမှု ပိုများပါတယ်။ ရိုးရိုးတုပ်ကွေးလိုပဲ ကူးစက်ခံလူနာက နှာစေး၊ ချောင်းဆိုးရာကတဆင့် ကူးစက်မှုတွေ ပိုများလာရတာလို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဆိုပါတယ်။
Ref: Global News
You may also like these stories:
ဆေးပညာရှင်တွေ ပြောတဲ့ ကမ်းခြေသွားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ
ကလေးငယ်တွေကို ဘာကြောင့် ရိုက်နှက်ပြီး မဆုံးမသင့်တာလဲ
နေ့တနေ့ကို အကောင်းဆုံး စတင်နိုင်မယ့် နည်းလမ်းများ