Covid-2019 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ လူတဦးသေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
သေဆုံးသူကတော့ အသက် ၃၅ နှစ်အရွယ် ငှက်ဖျားဝေဒနာ ခံစားနေရတဲ့ အမျိုးသားဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ထပ်မံဖြစ်ပွားရာကနေ သေဆုံးခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ဒါရိုက်တာဖြစ်သူ Suwannachai Wattanayingcharoenchai က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူအမျိုးသားဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တည်းက ဆေးရုံတက်ကာ ကုသမှုခံယူနေတာဖြစ်ပြီး အခြေအနေ ပိုမိုဆိုးရွား ပြင်းထန်လာတာကြောင့် Bamrasnaradura ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကို ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုရွှေ့ပြောင်းပြီးနောက်မှာ ရောဂါအခြေအနေဟာ ပိုမိုပြင်းထန်လာပြီး ကိုယ်တွင်းအင်္ဂါပျက်စီးမှုဖြစ်ကာ စနေနေ့မှာ သေဆုံံးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ငှက်ဖျားရောဂါခံစားရာကနေ ကိုရိုနာဗိုင်းရပ်စ်ထိ ဖြစ်ပွားသွားတဲ့အပေါ် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေါက်တာ Suwannachai က ဖြေကြားခဲ့ပါတယ်။
သေဆုံးသူအမျိုးသားဟာ ငှက်ဖျားရောဂါ ခံစားနေရလို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဆေးရုံတက်နေစဉ်က ကိုရိုနာဗိုင်းရပ်စ်ကို မတွေ့ရှိခဲ့ကြောင်း၊ အဲဒီနောက်ပိုင်းမှာမှ ရောဂါအသစ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဝင်ရောက်ခံရကာ သေဆုံးခဲ့ရတာဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန အကြံပေးပုဂ္ဂိုလ် Tawee Chotpitayasunondh က ပြောကြားခဲ့ပါတယ်။
Chulalongkorn ဆေးရုံက တာဝန်ရှိသူတဦးဖြစ်တဲ့ Thiravat Hemachudha ကတော့ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ဆေးရုံရဲ့ Facebook Page ကနေ သေဆုံံးသူ အမျိုးသားအကြောင်းကို တင်ပြခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၆ နာရီ ၂၅ မိနစ်အချိန်မှာ သေဆုံးခဲ့တာဖြစ်တယ်ဆိုတာကိုပါ တင်ပြခဲ့တာပါ။
ရောဂါထိန်းချုပ်ရေးဌာနရဲ့အဆိုအရ သေဆုံးသူ အမျိုးသားရဲ့ ရောဂါလက္ခဏာတွေအတိုင်း ဖြစ်ပွားနေတဲ့ နောက်ထပ်လူနာတဦးလည်း ရှိနေပြီး အတွင်းလူနာအဖြစ် စောင့်ကြပ်ကုသမှုတွေပေးနေကြောင်းလည်း သိရပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ ထိုင်းနိုင်ငံ ကျန်းမာရေးဦးစီးဌာနကရော၊ ရောဂါထိန်းချုပ်ရေးဌာနကပါ ရောဂါကူးစက်ခံရတယ်လို့ သံယယရှိသူတွေအနေနဲ့ ၃ နာရီအတွင်း ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်ဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားပြီး ဒီကြေညာချက်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ကြီး Anutin Charnvirakul က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရဲ့ သတင်းဌာနတွေမှာပါ ကြေညာထားတာ ဖြစ်ပါတယ်။
Ref. Bangkokpost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် လူသေဆုံး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အရှုံးပေါ်နေတဲ့ Nike