ရေငန်ကနေ ရေချိုအဖြစ် ပြောင်းလဲ သန့်စင်ပေးမယ့် ကမ္ဘာ့ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး စက်ရုံ စတင် လည်ပတ်နေပါပြီ။ အဆိုပါလုပ်ငန်းစဉ်သာ အောင်မြင်စွာ တိုးချဲ့နိုင်မယ်ဆိုရင် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် ရေချိုရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ Give Power ကနေ အာဖရိကတိုက်၊ ကင်ညာနိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ရေငန်ကနေ ရေချို ပြောင်းလဲသန့်စင်ပေးမယ့် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံကို ကူညီတည်ဆောက်ပေးခဲ့တာပါ။ ဒီစက်ရုံကနေ တနေ့ကို လူဦးရေ ၃၅,၀၀၀ အတွက် ဖူလုံမယ့် သောက်သုံးရေ ဂါလံ ၂၀,၀၀၀ ကျော် သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပင်လယ်ရေငန်ကို ရေချိုအဖြစ် ပြောင်းလဲဖို့ နှစ်ပေါင်း ထောင်နဲ့ချီ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ သုံးစွဲရမယ့် စွမ်းအင်ပမာဏနဲ့ စရိတ်ကြီးမြင့်မှုတွေကြောင့် မအောင်မြင်ခဲ့ကြပါဘူး။ သဘာဝတရားကြီးကနေ အကန့်သတ်မရှိ ရရှိနေတဲ့ နေရောင်ခြည်နဲ့ အသုံးပြုနိုင်တာကြောင့် နေရောင်ခြည် စွမ်းအင်ခံပြားနဲ့ ဘက်ထရီ ထုတ်လုပ်တဲ့ Tesla ကုမ္ပဏီကိုလည်း ကျေးဇူးတင်ရမှာပါ။
“ရေရှည်အတွက် ပင်လယ်ရေတွေကို အဆင့်ဆင့် သယ်ယူမယ့် နည်းလမ်းတွေ ရှိရပါမယ်” လို့ Give Power ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Hayes Barnard က ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ရေချိုရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ အလားတူ စက်ရုံမျိုးတွေ ကမ္ဘာ့အနှံ့မှာ ဆောက်လုပ်သွားဖို့ Barnard က မျှော်လင့်ထားပါတယ်။
ကမ္ဘာပေါ်မှာ တိုးပွားလာတဲ့ လူဦးရေအတွက် ရေချိုလုံလောက်မှု မရှိတဲ့ နေရာတွေ ၂၀၂၅ ခုနှစ်မှာ ပိုမိုများပြားလာမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်မှာကို ကမ္ဘာ့လူဦးရေ ၃ ယောက်မှာ ၁ ယောက်ဟာ သန့်စင်တဲ့ သောက်သုံးရေ မရရှိတော့ပါဘူး။
အခု ပရောဂျက်ကြောင့် ကင်ညာပြည်သူတွေဟာ ရေ ၁ ဂါလံကို ငွေ ၁ ပဲနိလောက်နဲ့ သောက်သုံးနိုင်နေပါပြီ။ ဒါဟာ မနှစ်က ရေရှားပါးမှုကြောင့် ပင်လယ်ရေငန်တွေသောက်ပြီး ကျောက်ကပ်ရောဂါနဲ့ သေဆုံးခဲ့တာနဲ့စာရင် အများကြီးအကျိုးရှိခဲ့တာပါ။
ကင်ညာနိုင်ငံ၊ Kiunga ကမ်းခြေမြို့လေးဟာ ဆိုးဆိုးဝါးဝါး မိုးခေါင်မှုတွေနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုတွေကြောင့် လွန်ခဲ့တဲ့ ၅ နှစ်ခန့်လောက်ကစပြီး မသန့်စင်တဲ့ ရေနဲ့ ပင်လယ်ရေတွေကိုတောင် သောက်သုံးခဲ့ကြရပါတယ်။
စက်ရုံ တည်ဆောက်ပေးခဲ့တဲ့ Give Power အဖွဲ့စည်းက ဒီဒေသမှာ နေထိုင်တဲ့ ဒေသခံတွေဟာ အဆိုပါစက်ရုံကို အမှီပြုပြီး စာသင်ကျောင်း၊ ဆေးရုံနဲ့ အနီးနားက ရွာတွေထိပါ သောက်သုံးရေချိုရောက်အောင် ဖြန့်ဖြူးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ မျှော်လင့်ထားပါတယ်။
အမေရိကန်ဒေါ်လာ ၅ သိန်းတန် စက်ရုံကြီး ကုန်ကျစရိတ်ကို ရေ ၁ ဂါလံ ၁ ပဲနိနဲ့ ရောင်းတဲ့ ငွေတွေကနေ ၅ နှစ်အတွင်း အရင်းကျေနိုင်ပြီး နောက်ထပ်စက်ရုံတွေ ထပ်မံတည်ဆောက်သွားနိုင်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်း စက်ရုံတည်ဆောက်စရိတ်ကို ဒေါ်လာ ၁ သိန်းလောက်နဲ့ပဲ ကုန်ကျဖို့ မျှော်မှန်းထားပါတယ်။