အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၂ ယောက် ရှိနေကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
ဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေဟာ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးနဲ့ သူ့ရဲ့သမီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတယောက်ပါ။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံ ပေါင်း ၆၀ နီးပါးရှိနေပြီး မြန်မာနိုင်ငံအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဝင်ရောက်လာတဲ့ ခရီးသည်တွေကို ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ကျန်းမာရေး အခြေအနေ ဖော်ပြချက် ကတ်မှာ ကျန်းမာရေးအခြေအနေ၊ တည်းခိုနေထိုင်မယ့် လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို ဖြည့်စွက်ပြီးမှာသာ ပြည်တွင်း ဝင်ရောက်ခွင့်ပြုမှာဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ မရှိသေးပေမယ့် စောင့်ကြည့် စစ်ဆေးနေရသူတွေတော့ ရှိနေပါတယ်။ အသက် ၂၉ နှစ်အရွယ် တရုတ်အမျိုးသားတယောက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာ ပြသလာတဲ့အတွက် မတ်လ ၁ ရက်နေ့မှာ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ် ကုသပေးနေတယ်လို့ သိရပါတယ်။
နောက်ထပ်တွေ့ရှိတဲ့ လူနာကတော့ နယူးဇီလန်နိုင်ငံသားပါ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နယူးဇီလန်နိုင်ငံသားကိုလည်း ဝေဘာဂီဆေးရုံမှာ သီးခြားလူနာအဖြစ် ကုသပေးနေပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတယောက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လက္ခဏာပြသနေတဲ့အတွက် သီးခြားလူနာအဖြစ် စောင့်ကြည့်စစ်ဆေး လျက်ရှိတဲ့အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
တရုတ်နိုင်ငံ ၊ ဟူနန်ပြည်နယ်မှာ ၃ နှစ်လောက်ကျောင်းတက်ခဲ့တဲ့ အသက် ၃၂ အရွယ် အမျိုးသား တဦးမှာလည်း ကိုရိုနာရောဂါနဲ့ ဆင်တဲ့ လက္ခဏာတွေ ပြသလာတဲ့အတွက် ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားပြီး ဆေးကုသမှု ခံနေရပါတယ်။
စင်ကာပူနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီးတယောက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအမျိုးသမီးနဲ့ အနီးကပ် နေထိုင်ခဲ့တဲ့ အမျိုးသားဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ကျောက်ပန်းတောင်းမြို့မှာ နေထိုင်လျက်ရှိနေပါတယ်။ အဲဒီအမျိုးသားမှာ ရောဂါလက္ခဏာပြသတာမျိုး မရှိသေးပေမယ့် ရောဂါဖြစ်ပွားမှု ရှိ ၊ မရှိ စောင့်ကြည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
မတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာ ၅ ဦးအထိ ရှိနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရပါတယ်။
Ref: mohs.gov.mm, thejakartapost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသော နိုင်ငံများတွင် မြန်မာနိုင်ငံ မပါဝင်သေး
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကို အဆိုတော် မနော အသံဖြင့် အသံချဲ့စက်များနှင့် ကြေညာမည်
အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၀ ဦးခန့်ရှိကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြ