Trend

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၀ ဦးခန့်ရှိကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြ

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အီရန်မှာ သေဆုံးသူ ၂၁၀ ဦးရှိတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ အီရန်အစိုးရက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်နဲ့ ၆ ဆခန့် ကွာဟနေတဲ့ ဒီသတင်းကို ဆေးရုံသတင်းရင်းမြစ်တွေက BBC Persian ကို ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘီဘီစီက ပြောပြတဲ့ သေဆုံးသူ အရေအတွက်ဟာ အီရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သေဆုံးသူ အရေအတွက်နဲ့ များစွာကွာဟနေတာဖြစ်ပြီး အီရန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Kianoush Jahanpour က ဘီဘီစီဟာ သတင်းအမှားတွေကို ထုတ်ပြန်နေတာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။

Qom မြို့က လွှတ်တော် အမတ်တဦးက အာဏာပိုင်တွေဟာ ဗိုင်းရပ်စ် ကြောင့် သေဆုံးမှုတွေကို ဖုံးကွယ်ထားကြောင်းနဲ့ အမေရိကန်နိုင်ငံ အနေနဲ့လည်း အီရန်ဟာ ဗိုင်းရပ်စ်ကိစ္စ သတင်းများကို မျှဝေတာ မရှိခြင်းကို စိုးရိမ်ကြောင်းပြောပြီးနောက်မှာ ဘီဘီစီ သတင်းဌာနကနေ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“ အီရန် အစ္စလာမ်မစ် နိုင်ငံတော်ကို ရောဂါနဲ့ ပတ်သက်တဲ့ အကူအညီတွေ တောင်းခံဖို့ ကျနော်တို့ဘက်က ကမ်းလှမ်းထားတာတွေ ရှိပါတယ်။ အီရန် ရဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေက ကောင်းမွန်ခြင်း မရှိဘူး။ သူတို့နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း အမှန်အတိုင်း ထုတ်ပြောဖို့ စိတ်အားထက်သန်မှု မရှိနေဘူး”လို့ အမေရိကန်နိုင်ငံရဲ့ အစိုးရအဖွဲ့ ဝန်ကြီးဖြစ်သူ Mike Pompeo ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်မှာ ပြုလုပ်တဲ့ ညီလာခံအတွင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်က ဗိုင်းရပ်စ်ကူးစက် မှုနဲ့ ပတ်သက်ပြီး အကူအညီပေးမယ်လို့ အီရန်ကို ကမ်းလှမ်းခဲ့ပေမယ့် အီရန် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Abbas Mousavi က ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဘီဘီစီသတင်းက ဖော်ပြထားပါတယ်။

အီရန် အစိုးရဟာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး ကြောက်ရွံ့မှုရှိနေတယ်လို့ ဘီဘီစီက ဖော်ပြထားပြီး အီရန် အစိုးရက တရားဝင် ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref. BBC

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံတွင် ပထမဆုံး သေဆုံးသူ ရှိလာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် လူသေဆုံး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အရှုံးပေါ်နေတဲ့ Nike

Loading