တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတချို့မှာ လူသေဆုံးတဲ့ အထိ ဖြစ်လာပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် လူပေါင်း ၃ ထောင်ကျော် သေဆုံးခဲ့ပြီလို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီး ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ တူနီးရှားစတဲ့ နိုင်ငံတွေမှာလည်း ရောဂါကူးစက်ခံရသူတွေ ရှိလာပါတယ်။
အခုချိန်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်ခံနေရသူပေါင်း အယောက် ၁၅၀၀ နီးပါးရှိနိုင်တယ်လို့ ရောဂါလေ့လာသူ သုတေသနပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အနေနဲ့လည်း ပြည်ပခရီးသွားဝင်ရောက်မှုကို ကန့်သတ်ဖို့ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်တွေ့ရှိခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ သေဆုံးခဲ့ကြသူတွေဟာ ဝါရှင်တန် ပြည်နယ်က ဖြစ်ပြီး လူသေဆုံးမှုနှုန်း မြင့်မားလာနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အင်္ဂါနေ့ ကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ပေါင်း ၁၅ ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သိရပါတယ်။
တောင်ကိုရီးယား၊ အီရန်၊ ဂျပန် စတဲ့ နိုင်ငံတွေမှာလည်း ရောဂါကူးစက်ခံနေသူ အရေအတွက် ပိုမိုများပြားလာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း တကမ္ဘာလုံး အတိုင်းအတာနဲ့ လူပေါင်း ၉၀,၀၀၀ ကျော် ရောဂါကူးစက်ခံနေရတယ်လို့ ကြေညာထားပါတယ်။
ရိုက်တာ သတင်းဌာနရဲ့ဖော်ပြချက်အရ တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ ၅,၃၂၈ ယောက် ရှိနေပြီး အနည်းဆုံးလူ ၂၈ ယောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံနေရသူပေါင်း ၈၀,၂၇၀ ယောက်ရှိနေပြီး အနည်းဆုံးလူပေါင်း ၂,၉၈၁ ယောက် သေဆုံးခဲ့ပါပြီ။
ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ကမ္ဘာ့ဘဏ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ဒေါ်လာ ၁၂ ဘီလီယံ ကူညီပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်အချိန်ထိ ဖြစ်ပွားနေဦးမလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အခုအချိန်မှာတော့ တရုတ်နိုင်ငံပြင်ပမှာလည်း လူသေဆုံးမှုတွေ ရှိလာနေပါတယ်။
စပိန်ကျန်းမာရေးဝန်ကြီးဌာနကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတဦး သေဆုံးခဲ့ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။
Ref: cbsnews, nytimes
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ်းကပ်ခွင့်မရတဲ့ သင်္ဘောတွေအကြောင်း မှားတင်ခဲ့တဲ့ Ronan Keating
တက္ကသိုလ် ကျောင်းသင်္ကြန်တွေမှာ သီချင်းသွားဆိုဖို့ ရှိနေတဲ့ အဆိုတော် G Fatt
ဝန်ထမ်း၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အဆိုတော် Chungha အား စောင့်ကြည့်နေရ