အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် လူများ ပြည့်ကျပ်နေတဲ့ အကျဉ်းထောင်အတွင်း ကူးစက်မှုကို တိုက်ဖျက်ဖို့အတွက် အကျဉ်းသား ၅၄,၀၀၀ ကျော်ကို ယာယီလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ် မရှိကြောင်း စစ်ဆေးပြီးတဲ့ အကျဉ်းသားများကို အိမ်ပြန်ခွင့်ပေးတာဖြစ်ပြီး အာမခံ တင်ထားစေခဲ့ကြောင်း တရားစီရင်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Gholamhossein Esmaili က သတင်းထောက်များကို ပြောပါတယ်။ အခုလို ယာယီလွှတ်ပေးတဲ့ အစီအစဉ်မှာ ထောင်ဒဏ် ၅ နှစ်နဲ့ အထက် ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေတော့ ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။
အကျဉ်းသားများကို ယာယီလွှတ်ပေးတဲ့ အချိန်မှာ အင်္ဂလန်- အီရန် ပရဟိတသမားဖြစ်တဲ့ Nazanin Zaghari-Ratcliffe ကိုလည်း မကြာမီ လွှတ်ပေးမယ်လို့ မျှော်လင့်မှုတွေ ရှိနေပါတယ်။
အီရန်ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေ အရ အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်က ၂ ရက်ဆက်တိုက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး ကူးစက်ခံရသူ ၂,၃၃၆ ဦး ရှိနေကြောင်း ထုတ်ပြန်ထားပေမယ့် အဲဒီထက်ပိုပြီး များနိုင်တယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။
အာဖရန်နစ္စတန်၊ ကနေဒါ၊ လက်ဘနွန်၊ ပါကစ္စတန်၊ ကူဝိတ်၊ ဘာရိန်း၊ အီရတ်၊ အိုမန်၊ ကာတာ နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွေမှာ တွေ့ရှိရတဲ့ Covid-19 ကူးစက်ခံရမှုတွေဟာလည်း အီရန်နဲ့ ဆက်နွယ်နေတယ်လို့ သိရပါတယ်။
အီရန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူတွေအနက် နိုင်ငံရဲ့ အကြီးအကဲတွေပါ ပါဝင်နေပြီး အရေးပေါ်ကျန်းမာရေးကုသမှုဌာနရဲ့ အကြီးအကဲဖြစ်သူ Pirhossein Kolivand လည်း ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။
အီရန်လွှတ်တော်အမတ် ၂၉၀ ဦးရှိတဲ့ အနက် ၂၃ ဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အီရန်ခေါင်းဆောင်ရဲ့ အကြံပေးအဖွဲ့ဝင်ဖြစ်သူ Ayatollah Ali Khamenei ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် တီဟီရန်မြို့မှာ သေဆုံးခဲ့ပါတယ်။
သေဆုံးသွားခဲ့တဲ့ အကြံပေးအဖွဲ့ဝင်ဟာ အီရန်နိုင်ငံခေါင်းဆောင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေဟာလည်း အီရန်ကို ကွင်းဆင်းလာရောက်ပြီး ကူညီပေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၇ ဦးရှိပြီလို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပေမယ့် နိုင်ငံတကာအ ဖွဲ့အစည်းတွေကတော့ အီရန်ဟာ သတင်းချန်လှပ်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
Ref. BBC
You may also like these stories:
ကင်ဆာရောဂါသည် အမျိုးသမီးတွေရဲ့ ခေါင်းမှာ Henna Crowns ရေးဆွဲပေးတဲ့ အနုပညာရှင်
အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၀ ဦးခန့်ရှိကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြ
ပါကစ္စတန်ရဲ့ ကျိုင်းကောင် ပြဿနာကို ဖြေရှင်းဖို့ တရုတ်မှ ဘဲတပ်သားများ စေလွှတ်