ပုံမှန်မြင်နေကျ မြင်ကွင်းမျိုးမဟုတ်လို့ တွေ့လိုက်ရတဲ့သူတွေ ထူးဆန်းသွားပါလိမ့်မယ်။ သဘာဝအရ လှုပ်ရှားမှု နှေးကွေးတယ်လို့ လက်ခံထားကြတဲ့ Sloth ကောင်လေးဟာ ထူးထူးဆန်းဆန်း သစ်ပင်ပေါ်မှာပဲ ကလေးမွေး ဖွားခဲ့ရာက အပင်ပေါ်က ချက်ကြိုးတန်းလန်းနဲ့ ပြုတ်ကြတော့မယ့်ကလေးကို မိခင်ကြီးက မယုံနိုင်လောက်အောင် အလျင်အမြန် ဆွဲမယူလိုက်နိုင်ပါတယ်။
ကော့စတာရီကာနိုင်ငံကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားအဖွဲ့တဖွဲ့က အဆိုပါအဖြစ်အပျက်ကို မှတ်တမ်း တင်နိုင်ခဲ့တာပါ။ တိုးဂိုက်ဖြစ်သူ Steven Vela က သစ်ပင်ပေါ်မှာ Sloth တကောင် ကလေးမွေးနေပုံကို ရိုက်ကူးနိုင်ခဲ့တာပါ။ သူက ဒီအဖြစ်အပျက်ကို အမိအရမှတ်တမ်းတင်ပြီး ဆိုရှယ်မီဒီယာ Facebook ပေါ်ကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။
အဆိုပါအဖြစ်အပျက်ကို ခရီးသွားတဖွဲ့လုံး အစအဆုံးမြင်တွေ့ခဲ့ကြတာပါ။ Sloth အမေကြီးက အပင်ပေါ်ကနေ ကလေးမွေးလိုက်ရာက ချက်ကြိုးတန်းလန်းနဲ့ အကောင်ပေါက်လေးကို မယုံကြည်နိုင်လောက်အောင် အလျင် မြန်ပဲ ပြန်ဆွဲယူလိုက်နိုင်ပါတယ်။
Sloth ဆိုတာမျိုးက မိုးသစ်တော အပင်မြင့်ကြီးတွေပေါ်မှာ ရုပ်ဖျက်ပြီး နေလေ့ရှိတဲ့အကောင်မျိုးပါ။ အခုလို မြင်ရ ခဲတဲ့ သဘာဝအဖြစ်ပျက်တွေကို မျက်မြင်ကိုယ်တွေ့ မြင်လာရတာ အရမ်းကို ကံကောင်းကြပါတယ်လို့ Sloth လေ့လာရေးအဖွဲ့တည်ထောင်သူ Rebecca Cliffe ကဆိုပါတယ်။
Cliffe ဟာ Sloth ကောင်တွေကို လေ့လာနေတာ ဆယ်စုနှစ်တခုကြာနေပါပြီ။ ဒီလို Sloth တကောင် ကလေး မွေးတဲ့အဖြစ်အပျက်ကို ၂၀၁၃ ခုနှစ်က တခါပဲ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ချက်ကြိုးတန်းလန်းနဲ့ အကောင်ပေါက်လေးကို မိခင်ကြီးက ပြန်ဆွဲယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒါမျိုးအမြဲဖြစ်နေတယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် ထူးထူးဆန်းဆန်းရယ်တော့လည်း မဟုတ်ဘဲ ပုံမှန်လိုပါ ပဲ။ ဘာအန္တရာယ်မှတော့ မရှိပါဘူး။ ကြည့်နေတဲ့သူတွေပဲ စိတ်လှုပ်ရှားကြတာပါ” လို့ sloth တွေ သစ်ပင်ပေါ်မှာ ကလေးမွေးတာနဲ့ ပတ်သက်ပြီး Cliffe က National Geographic နဲ့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။
ပုံမှန်တော့ ကလေးမွေးပြီးတာနဲ့ Sloth မိခင်တွေက ကလေးကိုဖမ်းဖို့ လက်ကို ခံထားပြီးသားပါလို့ Cliffe က ဆိုပါသေးတယ်။ ကော်စတာရီကာနိုင်ငံမှာ ရှစ်နှစ်ကြာ တိုးဂိုက်လုပ်လာတဲ့ Vela ကတော့ ဒီလိုအဖြစ်ပျက်မျိုး တခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာပေါ်တင်ထားတဲ့ သစ်ပင်ပေါ်မှာ Sloth ကလေးမွေးတဲ့ ဗီဒီယိုကို ၆,၂၀၀ ကျော် မှတ်ချက်ဝင်ပေး ထားပြီး လူပေါင်း ၄၀,၀၀၀ ကျော်က ပြန်လည်ဝေမျှထားသလို ၁၂,၀၀၀ က Reaction ပေးထားပါတယ်။
Ref: Global News
You may also like these stories:
ငပုတောမြို့နယ်တွင် တောဆင်ရိုင်း တကောင် သတ်ခံရပြန်
လူသားတွေဟာ လူအချင်းချင်းထက် ခွေးတွေကို ပိုမိုချစ်ခင်ကြကြောင်း လေ့လာတွေ့ရှိ
ကျား၊ ခြင်္သေ့စတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ရင်း တည်းခိုနိုင်မယ့် ဟိုတယ်