ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝှမ်း နိုင်ငံတော်တော်များများကို ကူးစက်နေပေမယ့် မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါ ကူးစက်ခံထားရသူ မတွေ့သေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံက ဆရာဝန်တွေ အသုံးပြုနိုင်ဖို့ ဆေးဝါးကိရိယာပစ္စည်းတွေ မြန်မာနိုင်ငံကို လှူဒါန်းခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့ ရောဂါစမ်းသပ်ရှာဖွေတဲ့ ကိရိယာပေါင်း ၃၀၀၀ နဲ့ PCR ဆေးစစ်စက် ၂ လုံးလို့သိရပြီး အခုလို လှူဒါန်းရခြင်း အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း စင်ကာပူနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ဆေးဝါးပစ္စည်း ၂ ကြိမ် လွှဲပြောင်း ပေးအပ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံကို လှူဒါန်းတဲ့ ဆေးဝါးကိရိယာ ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး Vanessa Chan က မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး ဓာတ်ခွဲစမ်းသပ်ခန်းဌာန ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးတင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ မတွေ့ရသေးပေမယ့် စက်ရုံတချို့ ယာယီ ပိတ်ထားရတဲ့ အတွက် လုပ်ခလစာ နည်းပါးတဲ့ အလုပ်သမားတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ဒီကနေ့အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံပေါင်း ၈၀ ကျော် ရှိသွားခဲ့ပြီး လူပေါင်း ၉၆,၀၀၀ ကျော် ရှိသွားခဲ့ပြီး ထက်ဝက်နီးပါး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။
Ref. Channelnewsasia
You may also like these stories:
COVID-19 ဖြစ်ပွားနိုင်ငံများမှ ပြန်လာသူများကို သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူခံရနိုင်
ကိုရိုနာဗိုင်းရပ်စ် စီမံချက်ကို ကြီးကြပ်နေသူ တောင်ကိုရီးယား နိုင်ငံသားတဦး အဆုံးစီရင်