သြစတြေးလျနိုင်ငံရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကွန်ဒုံးစွပ်ခြင်းနဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ပြီးနောက် ကွန်ဒုံးများ ရောင်းအားမြင့်တက်သွားတယ်လို့ သိရပါတယ်။
ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ Thanh Thai လို့ အမည်ရတဲ့ လူမှုကွန်ရက်အသုံးပြုသူက စတိုးဆိုင်တွေမှာ ရှိတဲ့ ကွန်ဒုံးစင်တွေမှာ နေရာလွတ်ဖြစ်နေပုံကို “တယောက်ယောက် ရှင်းပြပေးလို့ ရမလား”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။
အခြား လူမှုကွန်ရက် အသုံးပြုသူတွေက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ကွန်ဒုံးတွေကို ဝယ်နေကြတာဖြစ်ကြောင်း၊ ကွန်ဒုံးကို လက်မှာ စွပ်ထားခြင်းနည်းနဲ့ ဗိုင်းရပ်စ် မကူးနိုင်ကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့စာအရ ဝယ်နေကြတာ ဖြစ်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။
“လူမှုကွန်ရက်ပေါ်က သတင်းအတုတွေကို ကြောက်ရွံ့ပြီး ဝယ်နေကြတာပါ”လို့ လူမှုကွန်ရက် အသုံးပြုသူတဦးက မှတ်ချက်ပေးထားပြီး နောက်တဦးကတော့ “ဈေးသည်တွေရဲ့ လှည့်ကွက်တွေပါ။ တော်တော်ရီရတဲ့ လူတွေ”လို့ မှတ်ချက်ပေးထားပါတယ်။
သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကြောက်ရွံ့ပြီး ဈေးတွေမှာ ပစ္စည်းတိုင်းနီးပါး ပစ္စည်းပြတ်လပ်တဲ့ အထိ ဝယ်ခြမ်းထားကြတယ်လို့ သိရပါတယ်။
စတိုးဆိုင်ပိုင်ရှင်တဦးကတော့ “ကျနော်တို့အနေနဲ့ ပြတ်လပ်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည်ဖြည့်တင်းပြီးပါပြီ။ ရောဂါပျံ့နှံ့မှုက မြန်ဆန်တော့ ပြည်သူတွေ အနေနဲ့ ကြိုတင်ပြင်ဆင်တဲ့ သဘောနဲ့ ဝယ်ခြမ်းကြတယ်ထင်ပါတယ်။ အရောင်းရဆုံးကတော့ အိမ်သာသုံးစက္ကူတွေ ဖြစ်တယ်”လို့ ABC သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ Covid-19 ဟာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံတော်တော်များများကို ပျံ့နှံ့နေပြီး နိုင်ငံတိုင်းမှာ ကြီးမားတဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
Ref. dailymail.co.uk
You may also like these stories:
စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးပစ္စည်းများ မြန်မာနိုင်ငံကို လှူဒါန်း
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကမ္ဘာ့အဆင့်ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ ကနေဒါစစ်တပ်
The Sun သတင်းစာက ထုတ်ပြန်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကင်းစင် နိုင်ငံများမှာ မြန်မာပါဝင်