အီတလီနိုင်ငံအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းကို ထိန်းချုပ်ဖို့အတွက် လူစုလူဝေးပြုလုပ်ခွင့် တားမြစ် ပိတ်ပင်ထားပြီး တင်းကျပ်တဲ့ တားမြစ် ပိတ်ပင်မှုတွေကို တနိုင်ငံလုံးမှာ တိုးချဲ့သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အီတလီဝန်ကြီးချုပ် Giuseppe Conte က ပြည်သူများကို အလုပ် (သို့မဟုတ်) မိသားစု အရေးပေါ်ကိစ္စရှိမှသာ ခရီးသွားခွင့်ပြုမယ်လို့ မတ်လ ၉ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ အခုလို ကန့်သတ် ပိတ်ပင်မှု ပြုလုပ်ရတာဟာ ပြည်သူတွေထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ ရှိတဲ့သူတွေကို ကာကွယ်ဖို့ဖြစ်ပြီး အိမ်မှာ နေတာဟာ အကောင်းဆုံးဖြစ်တယ်လို့ ဝန်ကြီးချုပ်က ရုပ်မြင်သံကြားက တဆင့်ပြောဆိုခဲ့ပါတယ်။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီး သေဆုံးသူဟာ မတ်လ ၉ ရက်နေ့မှာပဲ ၃၆၆ ဦးမှ ၄၆၃ ဦး အထိ ခုန်တက်သွားတာကြောင့် အခုလို တင်းကျပ်တဲ့ ပိတ်ပင်တားမြစ်မှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့မှာ ဆိုးရွားတဲ့ ကပ်ရောဂါကို တွေ့ကြုံနေရတယ်။ အီတလီနိုင်ငံ တနိုင်ငံလုံးကို အပြည့်အဝကာကွယ်ဖို့ ပြုလုပ်နေပါတယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“နိုင်ငံအတွက် တတ်နိုင်တာကို ခင်ဗျားတို့က ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ဝန်စတန်ချာချီရဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် ကျနော်တို့ အခက်ခဲဆုံးအချိန်ကို ကြုံတွေ့နေရတယ်။ ဒါပေမဲ့ ကျနော်တို့ ကျော်ဖြတ်နိုင်မှာပါဆိုတဲ့ အတိုင်းပါပဲ”လို့ ဝန်ကြီးချုပ်က သတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။
နောက်ဆုံး ထုတ်ပြန်ထားတဲ့ သတင်းတွေအရ အီတလီနိုင်ငံရဲ နေရာဒေသ ၂၀ လုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တွေ့ရှိထားပြီး ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာမှုကြောင့် အီတလီ အစိုးရအနေနဲ့ အီတလီ မြောက်ပိုင်းဒေသအပါအဝင် အခြားဒေသတွေကို ပိတ်ပင်ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မတ်လ ၉ ရက်နေ့က စတင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာကို ပိတ်ပင်လိုက်တာဖြစ်ပြီး အခုလို ပိတ်ပင်မှုတွေကြောင့် ပြည်သူပြည်သားတွေရဲ့ လုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ အီတလီမှာ ကျောင်းများနဲ့ တက္ကသိုလ်များကိုလည်း မတ်လ ၁၅ ရက်နေ့ အထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories:
ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာစေတယ်လို့ ယူဆရ