ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံပေါင်း ၁၄ နိုင်ငံကို ကာတာနိုင်ငံက ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်ပါ တယ်။ ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ အီရတ်၊ လက်ဘနွန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ဆီးရီးယားနဲ့ ထိုင်းနိုင်ငံတို့ပါ။
ကာတာ လေကြောင်းလိုင်းတွေ အနေနဲ့လည်း အီတလီနိုင်ငံနဲ့ လေယာဉ် ပြေးဆွဲမှုကို ယာယီ ဆိုင်းငံ့ ထားလိုက်တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁ သိန်းကျော် ရှိခဲ့ပြီဖြစ်သလို လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပါပြီ။ ကာတာ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကာတာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၈ ယောက် ရှိသွားခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
ကာတာနိုင်ငံသားတွေ အနေနဲ့လည်း အကြောင်းကိစ္စ ကြီးငယ် မရှိဘဲ ခရီးမထွက်ကြဖို့ ကာတာ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကို ထိန်းချုပ် နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်တော်များများမှာ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တာမျိုးပြုလုပ်လာကြပါ တယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ တရုတ်၊ အီရန်၊ အီတလီ စတဲ့ နိုင်ငံတွေကို လေကြောင်းပျံသန်းတာ ယာယီဆိုင်းငံ့ထားဖို့ ကာတာအာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO ကလည်း အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားပြီး ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အဆင့် အနေနဲ့ သတိပေးထားပါတယ်။ ကာတာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ဘာရိန်း စတဲ့ နိုင်ငံတွေမှာလည်း ကိုရိုနာ ကူးစက်ခံနေရပါတယ်။
ကာတာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယအကြီးမားဆုံး သဘာဝဓာတ်ငွေ့ အရင်းအမြစ်နဲ့ ရေနံ အရင်းအမြစ်ရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဝင်ငွေမြင့်မားတဲ့ နိုင်ငံတနိုင်ငံပါ။ လူတဦးချင်း ဝင်ငွေ အနေနဲ့လည်း အမြင့်မားဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်ပါတယ်။ အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံစာရင်းမှာ ကာတာနိုင်ငံလည်း ပါဝင်နေပါတယ်။
Ref: bangkokpost, aa.com.tr
You may also like these stories:
လက်ဆေးအကနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ တရုတ်မင်းသမီး ဖန်ပင်းပင်း လှုံ့ဆော်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ အသွားအလာများ ပိတ်ပင်ကန့်သတ်
တစ်ရှူးလိပ်တွေ အထိတ်တလန့် ဝယ်ယူနေကြတာ ကိုရိုနာဗိုင်းရပ်နဲ့ ဘာဆိုင်သလဲ