ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အဝင်အထွက် ပိတ်ပင်ထားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သမ္မတ ရှီကျင့်ဖျင် သွားရောက်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီသွားရောက်မှုဟာ တရုတ်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သေချာတဲ့သင်္ကေတ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသားပါတယ်။
သမ္မတ ရှီကျင့်ဖျင် အနေနဲ့ ဝူဟန်မြို့ကို သွားရောက်ကာ ရောဂါထိန်းချုပ်နေမှု လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ရောဂါထိန်းသိမ်းရေးအတွက် လုပ်ငန်းဆောင်ရွက်နေတဲ့ ဆရာဝန်များနဲ့ ကျွမ်းကျင်ပညာရှင်များကို တွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာသတင်းအရ သိရပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေသူများရှိတယ်လို့ တရုတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို တင်ပြခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုဟာ Hubei ပြည်နယ်၊ ဝူဟန်မြို့ အတွင်းမှာဖြစ်ပြီး ရောဂါပျံ့နှံ့လာကာ တရုတ်ပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်ပြီး ရောဂါကူးစက်မှု ကျဆင်းလာပြီး သေဆုံးမှုနှုန်းလည်း ကျဆင်းလာတာကြောင့် သမ္မတအနေနဲ့ အခုလို သွားရောက် စစ်ဆေးမှုတွေကို ပြုလုပ်တာလည်း ဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း ရောဂါထပ်မံဖြစ်ပွားသူ ၁၉ ဦးသာ ရှိပြီး အဲဒီထဲက ၁၇ ယောက်က ဝူဟန်မြို့က ဖြစ်တယ်လို့ သိရပါတယ်။
Ref. qz.com, cnn.com
You may also like these stories:
ထိုင်းကို လာလည်မယ့် ခရီးသွားများ ကျန်းမာရေး ထောက်ခံချက် ပြရန် လိုအပ်
ကိုရိုနာကြောင့် နိုင်ငံပေါင်း ၁၄ နိုင်ငံကို ကာတာနိုင်ငံ ပြည်ဝင်ခွင့် ယာယီပိတ်ပင်
လက်ဆေးအကနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ တရုတ်မင်းသမီး ဖန်ပင်းပင်း လှုံ့ဆော်