အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် (Covid-19) နဲ့ ပတ်သက်တဲ့ အကျဉ်းထောင် ဆူပူအုံကြွမှုတွေကြောင့် ၃ ရက်အတွင်း လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ သိသာစွာမြင့်တက်လာပြီး ရက်သတ္တပတ် ၂ပတ်အတွင်းမှာ သေဆုံးသူ ၆၀၀ ကျော် ရှိခဲ့ပါတယ်။ မတ်လ ၁၀ရက်နေ့ ညနေပိုင်းက ထုတ်ပြန်တဲ့ သတင်းတွေအရ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သောင်းကျော် ရှိလာပြီး အီတလီအစိုးရကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ သွားလာခွင့်တွေ ပိတ်ပင်ထားပါတယ်။
အကျဉ်းထောင်တွေမှာလည်း ထောင်ဝင်စာတွေ့ခွင့်ကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ ဆိုးရွားတဲ့ ကပ်ရောဂါကို ကြုံတွေ့နေရချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အကျဉ်းသားတွေလည်း ရှိတယ်လို့ သိရပါတယ်။
အီတလီတောင်ပိုင်းမှာရှိတဲ့ အကျဉ်းထောင်တခုမှာ ဆူပူအုံကြွသူတွေက ဓားစာခံများအဖြစ် ဖမ်းဆီးထားတဲ့ လုံခြုံရေး ဝန်ထမ်း ၄ ဦးနဲ့ ကျန်းမာရေးအရာရှိတဦး ပြန်လည် လွတ်မြောက်လာတယ်လို့ တရားစီရင်ရေးဌာနက ပြောပါတယ်။ အကျဉ်းသားတွေဟာ ခေါင်မိုးပေါ် တက်ရောက်ခဲ့ကြပြီး သူတို့ကိုလည်း ရောဂါစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ အစိုးရကို တောင်းဆိုမှုတွေ ဖြစ်ပွားနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အကျဉ်းသားတွေဟာ အကျဉ်းထောင်တွေမှာရှိတဲ့ ဆေးဝါးသိုလှောင်ခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ကြပြီးနောက် ဆေးလွန်မှုတွေ ဖြစ်ပွားကာ သေဆုံးသူတွေ ရှိခဲ့တာဖြစ်တယ်လို့ အီတလီနိုင်ငံရဲ့ တရားစီရင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တရားစီရင်ရေးက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို လွတ်လပ်တဲ့ သတင်းဌာနတွေက တဆင့်အတည်ပြုခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စတင်ဖြစ်ပွားရာတရုတ်နိုင်ငံမှာ လျော့ကျလာပြီဖြစ်ပေမယ့် အီတလီ၊ တောင်ကိုးရီးယား၊ အီရန်၊ ပြင်သစ် စတဲ့နိုင်ငံတွေမှာ ဖြစ်ပွားသူဦးရေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ တရုတ်နိုင်ငံပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ အများဆုံး နိုင်ငံဖြစ်နေပါတယ်။
Ref. thedailybeas, rnz.co.nz
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ အသွားအလာများ ပိတ်ပင်ကန့်သတ်
ငွေစက္ကူတွေကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ WHO ပြောကြား
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကမ္ဘာ့အဆင့်ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ ကနေဒါစစ်တပ်