အီရန်မှာ အရက်သောက်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် တရားမဝင် ချက်လုပ်ထားတဲ့ အရက်တွေကို သောက်သုံးရာမှ အရက်ဆိပ်သင့်ပြီး လူ ၄၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အီရန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတနိုင်ငံ ဖြစ်တဲ့ အီရန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀၀၀ ကျော်ရှိပြီး သေဆုံးသူလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။ ကူဇက်စတန်ပြည်နယ် ( Khuzestan) အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရက် သောက်ပြီး သေဆုံးသူဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူထက် ပိုပြီး များပြားတယ်လို့ အီရန်သတင်းစာတွေက ဖော်ပြပါတယ်။
အရက်သောက်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ ကောလာဟလကို အိန္ဒိယအခြေစိုက် သတင်းဌာနတခုက သတင်းအမှားကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အရက်အဆိပ်သင့်မှုတွေကြောင့် အီရန်မြောက်ပိုင်း ပြည်နယ်တွေမှာလည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အီရန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ လူနည်းစုကလွဲပြီး နိုင်ငံသားအားလုံးကို အရက်သောက်ခွင့်၊ ရောင်းချခွင့်နဲ့ ဝယ်ယူခွင့်တွေကို အစိုးရက ပိတ်ပင်ထားပေမယ့် တရားမဝင်ချက်လုပ်တဲ့ အရက်ပုန်းတွေကို သောက်ပြီး သေဆုံးမှုတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
အရက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကြောင်း သတင်းအမှားတွေ ထွက်ပေါ်ပြီးနောက်မှာ အရက်အဆိပ်သင့်ပြီး သေဆုံးမှုတွေကြောင့် တာဝန်ရှိသူတွေက အရက်ပုန်း ချက်လုပ်ရောင်းချသူ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ Covid-19 ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာ့ကပ်ရောဂါအဆင့် ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပါတယ်။ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ သိသိသာသာ ကျဆင်းလာတာကြောင့် မတ်လ ၁၀ ရက်နေ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ဝူဟန်မြို့ကို သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ကူးစက်မှု ကျဆင်းခဲ့ပေမယ့် အီတလီ၊ တောင်ကိုးရီးယားနဲ့ အီရန် စတဲ့နိုင်ငံတွေမှာ ရောဂါပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေက ဆက်လက်မြင့်တက်ဆဲ ဖြစ်နေတယ်လို့ သိရပါတယ်။
Ref. usatoday.com,foxnews
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံများမှ ပြန်လာသူများအား စင်ကာပူ ပြည်ဝင်ခွင့် ယာယီပိတ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန်နိုင်ငံ ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ ၉ ဦးအထိ ရှိလာ