Trend

ဗြိတိန် အငယ်တန်း ကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ဗြိတိန်ရဲ့ အငယ်တန်း ကျန်းမာရေးဝန်ကြီးနဲ့ ကွန်ဆာဗေးတစ်လွှတ်တော်အမတ်ဖြစ်သူ Nadine Dorries ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရမှု သတင်းကို မတ်လ ၁၀ ရက်နေ့ ညပိုင်းက အကြောင်းကြားပြီးနောက် ကြိုတင်ကာကွယ်မှုများကို တတ်နိုင်သလောက် မြန်မြန်လုပ်ဆောင်ခဲ့ပြီး မိမိကိုယ်တိုင်လည်း နေအိမ်မှာ သီးခြားခွဲနေခဲ့ကြောင်း ဝန်ကြီးဖြစ်သူ Nadine Dorries က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ပြီး ကူးစက်ခံရသူ ၃၈၂ ဦးရှိတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ သေဆုံးသူ ၆ ဦးအနက် နောက်ဆုံးသေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၈၀ ကျော်ရှိပြီဖြစ်ပြီး ကိုရိုနာ မကူးစက်ခင်ကတည်းက ကျန်းမာရေး မကောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ အငယ်တန်း ကျန်းမာရေး ဝန်ကြီး Nadine Dorries ဟာ ယခင်က သူနာပြုအဖြစ် အသက်မွေးခဲ့သူ ဖြစ်တယ် လို့ သိရပါတယ်။ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ “ကျမအနေနဲ့ စိတ်ပျက်မှုတွေ ရှိပေမယ့် သက်သာသွားမယ် လို့ မျှော်လင့်ပါတယ်”လို့ ရေးသားထားခဲ့ပါတယ်။ သူနဲ့အတူ နေထိုင်တဲ့ အသက် ၈၀ ကျော် မိခင်ကလည်း မတ်လ ၁၀ ရက်နေ့ကစပြီး ချောင်းဆိုးတာတွေ ရှိနေလို့ စိုးရိမ်ပူပန်မိတယ်လို့ သူက ထည့်သွင်းရေသားထားပါတယ်။

အငယ်တန်းဝန်ကြီး Nadine Dorries အနေနဲ့ ရောဂါလက္ခဏာများကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက စတင်ပြီး ခံစားနေရတာဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဖြစ်သူ Matt Hancock ကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း သူနေထိုင်နေတာကြောင့် အမြန်ဆုံး သက်သာသွားဖို့ မျှော်လင့်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

“ပြည်သူတွေ အနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြတယ်ဆိုတာကို ကျနော့်အနေနဲ့ နားလည်ပါတယ်။ အကောင်းဆုံးဖြစ်နိုင်ချေရှိတဲ့ နည်းပညာတွေအပေါ် အခြေခံပြီး ပြည်သူကို ဘေးကင်းစေဖို့ ကျနော်တို့ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်သွားမှာပါ”လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အင်္ဂလန်နိုင်ငံအနေနဲ့ နိုင်ငံသားများကို ရောဂါ ရှိ၊ မရှိ စမ်းသပ်မှုတွေ အချိန်နဲ့ တပြေးညီ လုပ်ဆောင်နေပြီး ရောဂါကူးစက်မှု ရှိပါက သီးခြားနေထိုင်ခြင်းတွေ ပြုလုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အင်္ဂလန်နိုင်ငံမှာလိုပဲ နိုင်ငံရေးသမားများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အီရန်၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံတွေမှာလည်း ဖြစ်ပွားလျက်ရှိပါတယ်။ အီရန်မှာ ဒုသမ္မတနဲ့ ကျန်းမာရေး ဒုတိယဝန်ကြီးတို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီး လွှတ်တော်အမတ်တဦးလည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါသေးတယ်။ စကော့တလန်၊ ဝေလနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Ref. BBC

You may also like these stories:
Loading