ကင်ညာနိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ ရှားပါး ကုလားအုတ်ဖြူ ၂ကောင်ဟာ တိရစ္ဆာန်ခိုးဖမ်းသူများကြောင့် သေဆုံးလျက် တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးနေတဲ့ သစ်ကုလားအုတ်အဖြူဟာ အမဖြစ်ပြီး သားပေါက်ကလေးနဲ့အတူ ကင်ညာနိုင်ငံ၊ Garissa စီရင်စုရှိ ရွာအနီးမှာ တောခေါင်းများက တွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။ တတိယတကောင်ကတော့ အသက်ရှင်လျက် ရှိနေဆဲဖြစ်ပြီး အဲဒါဟာ ကမ္ဘာပေါ်မှာ ကျန်ရှိတဲ့ သစ်ကုလားအုတ်ဖြူမျိုးစိတ်ရဲ့ နောက်ဆုံးသောအကောင် ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။
သစ်ကုလားအုတ်အဖြူတွေဟာ ခန္ဓာကိုယ်ကို ရောင်ခြယ်ပေးနိုင်စွမ်း မရှိတဲ့ Leucism ရှိတာကြောင့် အဖြူရောင် ဖြစ်နေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ အဖြူရောင် သစ်ကုလားအုတ်တွေ တည်ရှိနေကြောင်းသတင်းဟာ ၂၀၁၇ ခုနှစ်က ဓာတ်ပုံတပုံကြောင့် သိရှိခဲ့ရတာ ဖြစ်ပါတယ်။
Ishaqbini Hirola သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ Mohammed Ahmednoo က သစ်ကုလားအုတ် အဖြူတွေကို နောက်ဆုံးတွေ့ရှိရတာဟာ လွန်ခဲ့တဲ့ ၃ လခန့်က ဖြစ်တယ်လို့ ဆိုပါတယ်။ သစ်ကုလားအုတ်အဖြူ မိသားစုမှာ မိသားစုဝင် ၃ ကောင် ရှိပြီး မိခင်နဲ့ ကလေး သတ်ဖြတ်ခံရပြီးနောက် ဖခင် သစ်ကုလားအုတ်ဖြူသာ ကျန်ရစ်တော့တာ ဖြစ်ပါတယ်။
အခုလို သတ်ဖြတ်ခံတဲ့အတွက် လုပ်လက်စ လေ့လာရေးတွေ အားလုံးကို ရပ်တန့်လိုက်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသစ်ကုလားအုတ်ဖြူများဟာ ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှု တခုဖြစ်ပြီး အခုလို သတ်ခံရတာကြောင့် Tarangire အမျိုးသားဥယျာဉ်ကို လာရောက် လည်ပတ်မှုတွေ လျော့နည်းသွားနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
“ဒီနေ့ဟာ ကင်ညာနိုင်ငံအတွက်ရော ကျနော်တို့ အဖွဲ့အစည်းအတွက်ပါ ဝမ်းနည်းစရာ နေ့တနေ့ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံဟာ ရှားပါး သစ်ကုလားအုတ်ဖြူတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ဒီလို ရှားပါးတိရစ္ဆာန်တွေ သတ်ဖြတ်ခံရတာဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူတွေကို လှုပ်နိုးလိုက်သလိုပါပဲ။ ကျနော်တို့ ဒီထက်ပိုပြီး စောင့်ရှောက်မှုတွေ ပြုလုပ်သွားဖို့ လိုအပ်လာပါပြီ”လို့ Mohammed Ahmednoo က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
တိရစ္ဆာန် ခိုးဖမ်းသူများနဲ့ သတ်ဖြတ်ခဲ့သူများကိုတော့ ရှာဖွေနေဆဲဖြစ်တယ်လို့ ကင်ညာနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref. BBC,CNN
You may also like these stories:
ပလတ်စတစ်ဘူးခွံများကို အသုံးပြုပြီး နံရံဆေးရေးပန်းချီကား ဖန်တီးခဲ့တဲ့ ပန်းချီပညာရှင်
ဗြိတိန် အငယ်တန်း ကျန်းမာရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ