ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေမှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့်ယာယီ ပိတ်ပင်လိုက်ကြောင်း ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီး Anupong Paojinda က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်တဲ့နိုင်ငံတွေကတော့ ဘူဂေးရီးယား၊ ဘူတန်၊ တရုတ် (ထိုင်ဝမ်အပါအဝင်)၊ ဆိုက်ပရပ်စ်၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ ကာဇက်စတန်၊ မော်လ်တာ၊ မက္ကဆီကို၊ နော်ရု၊ ပါပူဝါနယူးဂီနီ၊ ရိုမေးနီးယား၊ ရုရှား၊ ဆော်ဒီအာရေးဗျ၊ ဥဇဘက်ကစ္စတန်နဲ့ ဗနူတူးနိုင်ငံတွေပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယား ၊ အီတလီနဲ့ ဟောင်ကောင်ကိုလည်း ဗီဇာကင်းလွတ်ခွင့် ပြန်လည် ရုတ်သိမ်းသွားမယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အခုဖော်ပြခဲ့တဲ့ နိုင်ငံတွေကနေ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်လိုသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရကြောင်း ကျန်းမာရေး ထောက်ခံချက် ပြနိုင်မှသာ ထိုင်းနိုင်ငံကို လာရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၅၉ ယောက်အထိ ရှိနေပြီး သေဆုံးသူ ၁ ဦး ရှိပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၁၁၈,၀၀၀ ကျော် ရှိနေပြီး လူပေါင်း ၄,၃၀၀ နီးပါး သေဆုံးခဲ့ရပြီလို့ ဒီကနေ့မှာ ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို သွားရောက် လည်ပတ်ထားတဲ့ ထိုင်းနိုင်ငံသားတွေ အနေနဲ့လည်း ၁၄ ရက်ကြာတဲ့အထိ သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁,၂၆၇ ယောက် ရှိနေပြီး လူပေါင်း ၃၈ ယောက် သေဆုံးခဲ့ပြီလို့ CNN သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတော်တော်များများမှာ ပြည်ဝင်ခွင့် ပိတ်တာမျိုး ပြုလုပ်လာကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အချိန်ဘယ်လောက်ကြာကြာ ဆက်လက် ဖြစ်ပွားနေဦးမယ်လို့ မသိရသေးပါဘူး။ လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ မရှိသေးဘူးလို့ သိရပါတယ်။
Ref: Bangkokpost, CNN
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြောက်ကိုရီးယား စစ်သား ၂၀၀ ကျော် သေဆုံး
ထိုင်းကို လာလည်မယ့် ခရီးသွားများ ကျန်းမာရေး ထောက်ခံချက် ပြရန် လိုအပ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ အသွားအလာများ ပိတ်ပင်ကန့်သတ်