အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့မှာ ရှိတဲ့ သားသတ်ရုံတခုမှာ သွေးလှောင်ကန် ပေါက်ထွက်သွားတာကြောင့် သွေးများလမ်းပေါ်ကို စီးကျပြီး သွေးပင်လယ်လို ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီမတော်တဆမှုဟာ ဗျူနိုအေးရိစ် စီရင်စုအတွင်း၊ Morón မြို့က Ganadera San Roque ဆိုသူ ပိုင်တဲ့ သားသတ်ရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သားသတ်ရုံအတွင်းမှာရှိတဲ့ တိရစ္ဆာန်သွေးပေါင်း လီတာ ၅သိန်းခန့် ဖြည့်ထားတဲ့ သွေးလှောင်ကန် ပေါက်ထွက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီ သွေးလှောင်ကန် ပေါက်ထွက်မှုဟာ မတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကန်ဟာ လျှံကျပေါက်ထွက်တာလား၊ ဒါမှမဟုတ် သယ်ယူပို့ဆောင်မှု ပြုလုပ်စဉ် မတော်တဆမှု ဖြစ်ခဲ့တာလား ဆိုတာကိုတော့ မသိရသေးဘူးလို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သွေးများ ယိုစီးလာပြီး လမ်းတလမ်းလုံး သွေးပင်လယ် ဖြစ်သွားတာကို လမ်းမှာ ရှိတဲ့လူတွေက ဗီဒီယိုတွေ ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗီဒီယိုအတွင်းမှာ အမျိုးသားတဦးက “တလမ်းလုံး သွေးတွေနဲ့ ပြည့်နေပြီ။ တလမ်းလုံးလည်း ရစရာကို မရှိတော့ဘူး။ ဘယ်အထိ စီးသွားဦးမလဲ မသိဘူး။ လူတိုင်းကတော့ ဓာတ်ပုံတွေ ရိုက်နေကြတယ်”လို့ ပြောဆိုနေပါတယ်။
မတော်တဆမှုဟာ ညနေ ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတဦးဖြစ်တဲ့ Marisa Camejo ဆိုသူ အမျိုးသမီးကတော့ “အနံ့တွေကလည်း ကြွက်သေနံ့တွေလိုပဲ။ ကားလမ်းတွေလည်း ပိတ်တယ်။ တကယ်ကို ရွံစရာပဲ”လို့ သူ့ရဲ့ မကျေနပ်ချက်ကို ပြောပါတယ်။
မီးသတ်သမားတွေကတော့ လမ်းတလျှောက်ကို သန့်ရှင်းရေး ပြုလုပ်ခဲ့ပြီလို့ ဒေသခံသတင်းဌာနတွေကို ပြောခဲ့ပေမယ့် ဒေသခံအချို့က သူတို့အိမ်ရှေ့တွေမှာ သွေးတွေ ရှိနေသေးတယ်လို့ စောဒကတက်မှုတွေ ရှိနေပါတယ်။ သားသတ်ရုံကတော့ ဖြစ်ပွားတဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးထားဘူးလို့ သိရပါတယ်။
အဲဒီ သားသတ်ရုံကို ပိတ်ဖို့ ဒေသခံတွေက ကြိုးစားမှုတွေ ရှိနေပေမယ့် လက်ရှိအချိန်ထိတော့ သားသတ်ရုံကို ပိတ်နိုင်ခြင်း မရှိသေးပါဘူး။ The Earth Awards ရဲ့ ပြောကြားချက်အရ အဲဒီသားသတ်ရုံဟာ သွေးတွေကို စုဆောင်းပြီး အစားအသောက်၊ ဆေးဝါးနဲ့ သွေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Ref. unilad.co.uk
You may also like these stories:
ကင်ညာနိုင်ငံမှာ ရှားပါး သစ်ကုလားအုတ်ဖြူ ၂ ကောင် သတ်ဖြတ်ခံရ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်
ပလတ်စတစ်ဘူးခွံများကို အသုံးပြုပြီး နံရံဆေးရေးပန်းချီကား ဖန်တီးခဲ့တဲ့ ပန်းချီပညာရှင်